ရန်ကုန်မြို့တော်ဝန်ကို အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်ပြော

ရန်ကုန်မြို့တော်ဝန်ကို အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်ပြော
ဓာတ်ပုံ - သက်ကို /မဇ္ဈိမ

စက်တင်ဘာ ၇ 

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေခြင်းမှာ မှန်ကန်မှုမရှိဘဲ သတင်းမှားသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ ပြောသည်။ 

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မိသားစုဝင်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေကြောင်း အင်တာနက် လူမှုကွန်ရက်ပေါ်တွင် သတင်းများ ပျံ့နှံ့နေခြင်း ဖြစ်သည်။ 

ထိုသို့သတင်းများ ပျံ့နှံ့နေသည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က “အဲဒါကတော့ သတင်းမှားလို့ ကျွန်တော်တို့ သိရပါတယ်။ မဟုတ်ဘူးလို့ သိရပါတယ်။” ဟု ပြောသည်။ 

အဆိုပါ ပျံ့နှံ့နေသည့် သတင်းတွင် မြေကွက်ဂရမ်ချထားမှုနှင့် အခြားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် နေသည့်အပေါ် တိုင်ကြားစာများ လက်ခံရရှိသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးနေသည့် အကြောင်း ရေးသားထားသည်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကတော့ ကော်မရှင် ဥပဒေပြဌာန်း ချက်များအရ တိုင်ကြားစာလက်ခံရရှိခြင်း၊ မရရှိခြင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်မလုပ်ကို ပြောပြ၍မရကြောင်း ဆိုသည်။ 

“တိုင်ကြားစာရောက်ခြင်း၊ မရောက်ခြင်း၊ ပို့ခြင်းမပို့ခြင်း၊ စုံစမ်းစစ်ဆေးရေးကိစ္စရပ် ဒါတွေက ကော်မရှင်ရဲ့ ဥပဒေမှာ ပြဌာန်းထားတဲ့အတွက် လျှို့ဝှက်ထားရပါတယ်။ ဒါကြောင့်မို့ ဒါနဲ့ပတ်သက်ပြီး ပြောပြခွင့်မရှိပါဘူး။ ဒါက ကျွန်တော်တို့ ကော်မရှင်စဖွဲ့ကတည်းက ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ပါ။ ဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တဲ့အကြောင့်မို့လို့ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီပဲ ကျွန်တော်တို့ ဆောင်ရွက်ရပါတယ်။” ဟု ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။ 

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှာ လက်ရှိတွင် ပုံမှန်ရုံးတက်နေကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် တစ်ဦးက ပြောသည်။ 

အင်တာနက်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့်သတင်းတွင် တိုင်ကြားစာများကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် အခြားလိပ်စာများကိုပါ တစ်ပြိုင်တည်းလိပ်မှူ တိုင်ကြားခဲ့သည့်အတွက် ပါတီတွင်း မစစ်ဆေးတော့ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လွှဲပြောင်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly