အာဖဂန်နစ္စတန်မှာ ပြည်တွင်းဖြစ်ကားတွေကို ထုတ်ဖော်

By AFP
06 September 2020
အာဖဂန်နစ္စတန်မှာ ပြည်တွင်းဖြစ်ကားတွေကို ထုတ်ဖော်
Photo - AFP

စက်တင်ဘာ ၆ 

အာဖဂန်နစ္စတန်နိုင်ငံမှာ ဟိုက်ဘရစ် ဆိုလာစွမ်းအင်သုံး မော်တော်ကား ၂၀၀ ခန့်ကို ပြည်တွင်းကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားပါတယ်။ 

ပြည်ပကနေ တင်သွင်းတဲ့ ကားတွေ၊ အထူးသဖြင့် တစ်ပတ်ရစ် ဂျပန်နဲ့ ကနေဒါ ကားမော်ဒယ်တွေကို မှီခိုအားထားနေခဲ့ရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ကားတွေအတွက် ဈေးကွက်သစ်တစ်ခု ဖွင့်လှစ်ဖို့ ရည်ရွယ်ထုတ်လုပ်ထားဖြစ်တယ်လို့ ကားကုမ္ပဏီ Amin Noor ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ 

ကားတွေမှာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိကို ပြည်တွင်းမှာပဲ အချိန်သုံးနှစ် ယူပြီးထုတ်ခဲ့ရပြီး အင်ဂျင်နဲ့ တာယာအပါအဝင် ကျန်တဲ့ အစိတ်အပိုင်းပစ္စည်းတွေကိုတော့ အိန္ဒိယနဲ့ တရုတ်တို့ထံကနေ တင်သွင်းနေရဆဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ 

ကားတွေကတော့ ယင်းတို့ရဲ့ အမျိုးအစား၊ အရွယ်အစားအပေါ် မူတည်ပြီး အများဆုံး ၅၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သလို ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၂၀၀ ကနေ ၂၅၀၀ ဝန်းကျင်အထိ ရှိမယ်လို့ သိရပါတယ်။ 

ထုတ်လုပ်ထားတဲ့ ကားတွေထဲမှာတော့ အပြည့်အ၀ ဆိုလာဘထ္ထရီ အားသုံး ကားအစီး ၃၀ အထိ ပါဝင်သလို ကျန်တဲ့ကားတွေကတော့ ကွဲပြားခြားနားတဲ့ ဓာတ်ဆီအရင်းအမြစ်တွေအပေါ် မှီခိုထားတဲ့ ဟိုက်ဘရစ်ကားတွေနဲ့ ဓာတ်ဆီကားတွေ ဖြစ်တယ်လို့ ကုမ္ပဏီထံကနေ သိရပါတယ်။ 

ကုမ္ပဏီတာဝန်ရှိသူတွေဟာ ယခုအချိန်မှာ ယင်းကားအစီးရေ ၃၀ အထိကို အာဖဂန်သမ္မတအိမ်တော်ထံ ရောင်းဖို့ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကတော့ အာဖဂန်အစိုးရ အခြားဝန်ကြီးဌာနတွေဆီအထိ ဖြန့်ကျက်ဖို့ ဖြစ်ပြီး ပြီးတဲ့အခါကျမှ အများပြည်သူဈေးကွက်ဆီ ဖြန့်ကျက်ဖို့ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly