ပါကစ္စတန်ရဲ့ အထီးကျန် အာရှဆင်ကြီးကို ကမ္ဘောဒီးယားဆီ မပို့ဆောင်မီ စစ်ဆေးမှု လုပ်

By AFP
06 September 2020
ပါကစ္စတန်ရဲ့ အထီးကျန် အာရှဆင်ကြီးကို ကမ္ဘောဒီးယားဆီ မပို့ဆောင်မီ စစ်ဆေးမှု လုပ်
Photo - AFP

စက်တင်ဘာ ၆ 

ပါကစ္စတန်နိုင်ငံရဲ့ တစ်ကောင်တည်းဖြစ်နေတဲ့ အာရှဆင်ကြီးကို ကမ္ဘောဒီးယားနိုင်ငံဆီ မပို့ဆောင်ခင်မှာပဲ နိုင်ငံတကာ တိရစ္ဆာန်ဆေးကုပညာရှင် အဖွဲ့တစ်ခုက ဆင်ကြီးကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ 

Kaavan လို့ ခေါ်တဲ့ ၃၅ နှစ်အရွယ် အဝလွန်နေတဲ့ အဆိုပါ ဆင်ကြီး နေထိုင်တွေ့ကြုံခဲ့ရတဲ့ အကျပ်အတည်းဒုက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ ရှိထားခဲ့သလို ယခုအခါမှာတော့ ဆင်ကြီးကိုကမ္ဘော ဒီး ယားဆီ ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ 

ဒီ ဆင်ကြီးရဲ့ ဖြစ်ရပ်ကြောင့် အစ္စလမ်မာဘတ် တိရစ္ဆာန်ရုံရဲ့ ဆိုးရွားပြီး စိတ်ပျက်စရာ အခြေအနေကိုပါ မီးမောင်းထိုးပြသခဲ့သလို အဆိုပါ တိရစ္ဆာန်ရုံက အခြေအနေတွေဟာ ဆိုးရွားလွန်းတဲ့အတွက် ယင်းနေရာကနေ တိရစ္ဆာန်အားလုံးကို အခြားနေရာ ရွှေ့ဖို့ တရားသူကြီးတစ်ဦးက ပြီးခဲ့တဲ့မေလမှာ အမိန့်ထုတ်ခဲ့ရပါတယ်။ 

အဆိုပါ အမိန့်ထွက်ပေါ်ပြီးနောက် သြစတြီးယား အခြေစိုက် တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်အဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့ Four Paws International တို့ဟာ ဆင်ကြီး Kaavan ရဲ့ အပြောင်းအရွှေ့ကို ကူညီဖို့ စာရင်းထဲမှာ ပါခဲ့ပါတယ်။ ဆင်ကြီး Kaavan ရဲ့ ဖြစ်စဉ်ကိုလည်း အဆိုတော်နဲ့ တက်ကြွလှုပ်ရှားသူ Cher ကလည်း ပံ့ပိုးအားပေးခဲ့ပါတယ်။ 

ဆင်ကြီးကို ပို့ဆောင်ပြောင်းရွှေ့ဖို့အတွက် ပို့ဆောင်ရေးကုန်သေတ္တာတစ်ခု တည်ဆောက်ရမှာဖြစ်ပြီး အဲဒီသေတ္တာနဲ့ ဆင်ကြီးကို သဟဇာတဖြစ် ကျင့်သုံးရအောင် လုပ်ပြီးမှ ဆင်ကြီးကို ဧက ၂၅,၀၀၀ ရှိတဲ့ ကမ္ဘောဒီးယား တောရိုင်းတိရစ္ဆာန် ဘေးမဲတောကြီးတစ်ခုဆီ လေယာဉ်နဲ့ ပို့ရမှာဖြစ်ပါတယ်။ 

ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ နောက်ဆုံး ဆေးစစ်မှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း ခုချိန်မှာ ဆင်ကြီးအနေနဲ့ ဘယ်လောက်ခံနိုင်ရည် ရှိမလဲ သိရဖို့ ပညာရှင်တွေက စမ်းသပ်မှုတွေကို လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။ 

“သူ့ကျန်းမာရေးကတော့ ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်၊ ဒါပေမယ့် သူက ကိုယ်အလေးချိန်များနေပါတယ်၊ သူ့ခြေထောက်တွေကတော့ ဆိုးဝါးနေပါတယ်” လို့ တိရိစ္ဆာန် ဆေးကုပညာရှင်တစ်ဦးဖြစ်တဲ့ ဂိုရစ်ဇ်က ပြောပါတယ်။ 

ပါကစ္စတန်မှာတော့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းကို ကာကွယ်ပေးတဲ့ ဥပဒေသိပ်မရှိတာကြောင့် နိုင်ငံတဝန်း တိရစ္ဆာန်တွေဟာ ညံ့ဖျင်းဆိုးဝါးတဲ့အခြေအနေတွေနဲ့ နာမည်ဆိုးထွက်နေပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါဝါ မြို့မှာ တိရစ္ဆာန်ရုံသစ်တစ်ခု ဖွင့်လှစ်ပြီး လပိုင်းအကြာမှာပဲ တိရစ္ဆာန်ကောင်ရေ ၃၀ သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly