ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ် (၅၄) တွင် နေထိုင်သူ ၂ ဦး COVID-19 ကူးစက်ခံရ

ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ် (၅၄) တွင် နေထိုင်သူ ၂ ဦး COVID-19 ကူးစက်ခံရ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) တွင်နေထိုင်သူ နှစ်ဦး COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း သိရသည်။ 

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသော ဗဟန်းမြို့နယ်နေထိုင်သူ COVID-19 အတည်ပြုလူနာ နှစ်ဦးမှာ အဆိုပါ ခြံအမှတ် (၅၄) တွင် နေထိုင်သူများဖြစ် ကြောင်း ဗဟန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နီနီသော်က မဇ္ဈိမသတင်းဌာနသို့ အတည်ပြုပြောသည်။ 

“အဲဒီမှာ အတည်ပြုလူနာက နှစ်ယောက် ထွက်တာပေါ့နော်။ အဲဒီလောက်ပဲ အစ်မတို့လည်း သိတယ်။ ကျွန်မတို့ တိုင်းဒေသကြီး ဦးစီးဌာနမှူးကိုယ်တိုင် စီမံကွပ်ကဲနေတယ်ပေါ့။ အစ်မတို့ မြို့နယ်က နောက်မှ ဝိုင်းကူဖို့ လုပ်ရပါမယ်” ဟု ဒေါက်တာ နီနီသော်က ပြောသည်။ 

ပိုးတွေ့လူနာ နှစ်ဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး ဖြစ်ကြောင်းလည်း ကျန်းမာရေးဌာနထံမှ သိရသည်။  

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဒေါက်တာ မျိုးညွန့်ကမူ ခြံအမှတ် (၅၄) မှ လူ တစ်ဦး COVID-19 ကူးစက်ခံထားရသည်ကို ကြားသိရကြောင်း ဆိုသည်။ 

“ကျွန်တော်လည်း နေပြည်တော်ရောက်နေလို့ တစ်ဆင့်ကြားတာပါ။ ခြံအမှတ် (၅၄) ကနေ တစ်ယောက်တော့ အတည်ပြုလူနာ ဖြစ်တယ်လို့ ကြားပါတယ်” ဟု ပြောသည်။ 

COVID-19 ရောဂါ အတည်ပြုလူနာ နှစ်ဦးထဲမှ တစ်ဦးမှာ ခြံအမှတ် (၅၄) တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အသက် ၅၀ အရွယ်ဝန်းကျင်ရှိသူ ဖြစ်ကြောင်းလည်း သိရသည်။ 

အဆိုပါခြံတွင် လုံခြုံရေးအတွက် အမြဲတမ်းတာဝန်ချထားခြင်းခံရသူ ငါးဦးဝန်းကျင် ရှိနေပြီး အားလုံးမှာ အသက် ၅၀ နှစ် ပတ်ဝန်းကျင်ရှိသူများလည်း ဖြစ်သည်။ 

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်ဖြစ်သော်လည်း လတ်တလောတွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်တွင်သာ နေထိုင်လျက်ရှိသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ သွားရောက်ရန် မနက်ဖြန် စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ လာရောက်ရန် ရှိနေသည်။

စက်တင်ဘာဘ ၆ ရက် နံနက်ပိုင်းအထိ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၃၁၉ ဦး ရှိနေပြီး ရောဂါပိုးကင်းစင်လာသူ ၃၇၁ ဦးနှင့် သေဆုံးသူ ရှစ်ဦးအထိ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required