တရုတ်ဥပဒေသစ်က ဟောင်ကောင်လွတ်လပ်ခွင့်အတွက် ဆိုးဝါးသည့် ဘေးအန္တရာယ်ဟု ကုလသမဂ္ဂ ပြော

By France 24
06 September 2020
တရုတ်ဥပဒေသစ်က ဟောင်ကောင်လွတ်လပ်ခွင့်အတွက် ဆိုးဝါးသည့် ဘေးအန္တရာယ်ဟု ကုလသမဂ္ဂ ပြော

စက်တင်ဘာ ၆

ဟောင်ကောင်အတွက် ပြဋ္ဌာန်းသော တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေသည် ဆိုးဝါးသော ဘေးအန္တရာယ်ဖြစ်ပြီး နိုင်ငံတကာ တရားဥပဒေဝတ္တရားကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များက သတိပေးပြောသည်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ ဟောင်ကောင်တွင် ပြီးခဲ့သည့်နှစ်က ဒီမိုကရေစီဆန္ဒပြပွဲများ ဖြစ်ပွားပေါ်ပေါက်ပြီးနောက်တွင် ပြီးခဲ့သည့် ဇွန်လ၌ ပြဋ္ဌာန်းခဲ့သော ယင်း ဥပဒေကြောင့် တရုတ်နိုင်ငံသည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ခွဲထွက်ရေးလှုပ်ရှားမှုများ၊ အကြမ်းဖက်မှုများနှင့် ပြည်ပအင်အားစုများနှင့် လျှို့ဝှက်ကြံစည်မှုများကို  ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် အဆိုပါ ဥပဒေအားဖြင့် အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်ပြီး ဆန္ဒပြပြည်သူအများစုကို နှုတ်ပိတ်စေသော ဥပဒေပဲ ဖြစ်သည်။ 

ယင်း ဥပဒေပါ အစိတ်အပိုင်းများသည် တရုတ်အား ဝေဖန်သည့် မည်သည့်ပုံစံမဆိုနှင့် လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ပုံရသည်ဟု ကုလသမဂ္ဂ အကြံပေးများက သောကြာနေ့တွင် အများပြည်သူသို့ ထုတ်ပြန်သော စာတစ်စောင်၌ သတိပေးသည်။ 

“အမျိုးသားလုံခြုံရေးဥပဒေသည် အခြေခံ လွတ်လပ်ခွင့်အတွက် ဆိုးဝါးသော ဘေးအန္တရာယ်တစ်ရပ်ပဲ ဖြစ်သည်။”ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံအနေဖြင့် ယင်း ဥပဒေအား ပြန်လည်စဉ်းစားသုံးသပ်ရန်နှင့် တရုတ်၏ နိုင်ငံတကာလူ့အခွင့်အရေး လိုက်နာမှုများနှင့်အညီ ဖြစ်ရေးအတွက် အပြည့်အဝ လွတ်လပ်သော ပြန်လည်သုံးသပ်သူများကို ခန့်အပ်ရန် ကုလသမဂ္ဂကိုယ်စားလှယ်များက တိုက်တွန်းခဲ့သည်။ 

ဥပဒေပါ အငြင်းပွားဖွယ် အချက်များစွာမှ တစ်ချက်ဖြစ်သော ဟောင်ကောင်မှ တရုတ်ပြည်မကြီးသို့ အမှုများ လွှဲပြောင်းပေးနိုင်သည့် အချက်အပေါ်လည်း ၎င်းတို့က စိုးရိမ်ပူပန်ကြောင်း ဖော်ပြကာ မျှတသော တရားစီရင်မှု အခွင့်အရေးကို ယိုင်နဲ့စေလိမ့်မည်ဟု သတိပေးသည်။ 

ယင်း ဥပဒေသည် ဗြိတိန်ထံမှ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကို လက်လွှဲယူရချိန်က ကတိကဝတ်ဖြစ်သော လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်တို့ကို အဆုံးသတ်စေခြင်းပဲ ဖြစ်သည်ဟု ဝေဖန်သူများကလည်း ယူဆကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly