မီးလောင်ခဲ့တဲ့ ရေနံတင်သင်္ဘောကို သီရိလင်္ကာကမ်းရိုးတန်းနဲ့ ဝေးရာကို ဆွဲယူထား

By AFP
06 September 2020
မီးလောင်ခဲ့တဲ့ ရေနံတင်သင်္ဘောကို သီရိလင်္ကာကမ်းရိုးတန်းနဲ့ ဝေးရာကို ဆွဲယူထား
Photo - AFP

စက်တင်ဘာ ၆ 

သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းအနီးမှာ မီးလောင်မှု ဖြစ်ခဲ့တဲ့ ရေနံတင်သင်္ဘောကြီးကို ယမန်နေ့ စက်တင်ဘာ ၅ ရက်က ယင်းနိုင်ငံရဲ့ ကမ်းရိုးတန်းနဲ့ ဝေးရာ ပင်လယ်ပြင်ဆီ ဆွဲယူသွားခဲ့ပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ 

ဒါ့အပြင် ၃၆ နာရီလောက် မီးငြှိမ်းသတ်မှုတွေ လုပ်ခဲ့ရပြီးနောက် ယခုအခါမှာ ယင်းရေနံတင်သင်္ဘောပေါ်က မီးကို အောင်မြင်စွာနဲ့ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ပနားမားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ New Diamond ရေနံတင်သင်္ဘောကြီးဟာ ရေနံစိမ်း တန်ချိန် ၂၇၀,၀၀၀ ကို တင်ဆောင်ထားတာဖြစ်ပြီး သင်္ဘောပေါ်မှာ မီးလောင်မှုဖြစ်ကာ အစောပိုင်းတုန်းက သီရိလင်္ကာကမ်းရိုးတန်းနားမှာ တဖြည်းဖြည်းချင်း မျောပါနေခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်တုန်းက သင်္ဘောကြီးပေါ်မှာ လောင်နေခဲ့တဲ့ မီးကို ငြှိမ်းသတ်နိုင်ဖို့အတွက် အိန္ဒိယရေတပ်ရဲ့ သင်္ဘောတွေ၊ သီရိလင်္ကာ စစ်တပ်ရဲ့ သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ အပြင်းအထန် ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။ 

အဆိုပါ New Diamond သင်္ဘောကြီးဟာ ကူဝိတ်ကနေ အိန္ဒိယအရှေ့ပိုင်း ပရာဒစ်ဆိပ်ကမ်းကို ဦးတည်မောင်းလာခဲ့စဉ် သီရိလင်္ကာအရှေ့ဘက်ကမ်းရိုးတန်းရဲ့ ၃၇ မိုင်အကွာမှာ အန္တရာယ်ကျရောက်ကြောင်းအချက်ပေးမှု လုပ်ခဲ့ရတာဖြစ်ပါတယ်။ 

ယင်းအချိန်က သင်္ဘောရဲ့ အင်ဂျင်ခန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှု စဖြစ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင် သင်္ဘောသားတစ်ဦး သေဆုံးခဲ့သလို အခြား သင်္ဘောအမှုထမ်း ၂၂ ဦးကိုတော့ ဘေးလွတ်ရာ ခေါ်ထုတ်ထားနိုင်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ New Diamond သင်္ဘောပေါ်က မီးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သလို ယင်းသင်္ဘောကြီးကိုလည်း သီရိလင်္ကာကမ်းနဲ့ ဝေးရာကို ဆွဲယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly