ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ လွှတ်တော်နာယက၊ ကာချုပ်တို့နှင့် တွေ့ဖို့ကမ်းလှမ်း

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ လွှတ်တော်နာယက၊ ကာချုပ်တို့နှင့် တွေ့ဖို့ကမ်းလှမ်း

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ။        ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၉၀ ရာခိုင်နှုန်းကျော်အထိ အနိုင်ရရှိထားပြီဟု ဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက်၊ ညပိုင်းတွင်ပင်လက်ရှိ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အခြေခံတေ့ွဆုံဆွေးနွေးလိုသည်ဟု စာရေးသားပေး ပို့ခဲ့သည်။

ယင်း စာရေးသား ပေးပို့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ လွှတ်တော် အမတ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် အတည်ပြုထုတ်ပြီးနောက်တွင် တစ်ပြိုင်နက် ပေးပို့ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ စာပေးပို့ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှတစ်ဆင့် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေ သည့် ရလဒ်များ အပြီးပြတ် ထုတ်ပြန်ပြီးသည့်အချိန်တွင် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ပြန်ကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကမူ ဒေါ်အောင်ဆန်းစုကြည် ပန်ကြားသည့် အချိန်အတွင်းအမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုနှင့် အခြားလိုအပ် သည့်ဆွေးနွေး မှုများ ပြုလုပ်ရန် ပြင်ဆင်သွားမည်ဟု နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းတွင်ပင် ပြန်လည် အကြောင်း ပြန်ခဲ့သည်။

ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထား အမြင်အ ခြေခံ ဆွေးနွေးရန် ပန်ကြားချက်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၏ သဘောထားကို သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တဆင့် ထုတ်ပြန်ပေးမည်ဟု ဗိုလ်မှူးကြီး တင်ထွန်းဦးက နိုဝင်ဘာ ၁၁ ရက်တွင် မဇ္ဈိကို တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

"သတင်းမှန် ပြန်ကြားရေးအဖွဲ့က မကြာခင်ပဲ၊ မြဝတီကော၊ သတင်းမီဒီယာတွေကော အားလုံးကို ပြန်ကြားပေးမယ်" ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်အထိ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် NLD က ၉၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိထားပြီဟု ၎င်းတို့၏ မြို့နယ်အမတ်လောင်းများမှ ပေးပို့သည့်စာရင်းများကိုအခြေခံကာ တရားဝင်းထုတ်ပြန်ပြောဆိုနေသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်သည့် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်နေ့၊ နေလည် ၃ နာရီအထိ ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော်နေရာ ၁၂၈ နေရာ၊ အမျိုးသားလွှတ်တော် ၇၃ နေရာ တိုင်းနှင့်ပြည်နယ် လွှတ်တော်၂၃၅ နေရာအထိ NLD က အနိုင်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly