သီရိလင်္ကာကမ်းရိုးတန်းအနီး ရေနံတင်သင်္ဘော ၁ စီး မီးလောင်

By AFP
05 September 2020
သီရိလင်္ကာကမ်းရိုးတန်းအနီး ရေနံတင်သင်္ဘော ၁ စီး မီးလောင်

စက်တင်ဘာ ၅

သီရိလင်္ကာကမ်းရိုးတန်းအနီးမှာ သောကြာနေ့က ရေနံစိမ်း တန်ချိန် ၂၇၀ ၀၀၀ တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောဟာ အင်ဂျင်ခန်းပေါက်ခွဲမှုဖြစ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။

ပနားမားနိုင်ငံမှတ်ပုံတင်ထားတဲ့ New Diamond ရေနံတင်သင်္ဘော မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် မီတာ ၃၃၀ ( ပေ ၁၀၀၀)  အရှည်ရှိတဲ့သင်္ဘောပေါ်က မီးခိုးတွေ အူနေဆဲဖြစ်ပါတယ်။  

New Diamond ဟာ ကူဝိတ်နိုင်ငံကနေ အိန္ဒိယနိုင်ငံ ပါရာဒစ်ဆိပ်ကမ်းဆီ ဦးတည်လာနေစဉ် သီရိလင်္ကာအရှေ့ဘက်ကမ်းရိုးတန်းမှ ၆၀ ကီလိုမီတာ (၃၇မိုင် ) အကွာကနေ အန္တရာယ်အသိပေးချက် ပြခဲ့တာပါ။  

သင်္ဘောမီးလောင်ခဲ့ပေမယ့် ရေနံစိမ်းကုန်စည်အများအပြားနဲ့ ဒီဇယ် တန်ချိန် ၁ ၇၀၀ ဆီ မီးမကူးခဲ့ဘူးလို့ သီရိလင်္ကာသဘာဝဘေးစီမံခန့်ခွဲမှုစင်တာအကြီးအကဲ ရာနာဆင်း က AFP ကိုပြောပါတယ်။  

ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးသေဆုံးခဲ့ကာ အခြား သင်္ဘောသား ၂၂ ဦးကိုလည်း ကယ်တင်ခဲ့ရပြီး သင်္ဘောဟာ ကမ်းခြေအနီး ၂၅ ကီလိုမီတာ (၁၅ မိုင်) အထိ မျောလာခဲ့ပါတယ်။  

ရေနံတင်သင်္ဘောကို ဆွဲသင်္ဘော သုံးစီးနဲ့ ပင်လယ်ဘက်ရောက်အောင် ပြန်လည်လုပ်ဆောင်ခဲ့ကြပါတယ်။

ရေနံတင်သင်္ဘောမီးလောင်မှုကို အိန္ဒိယရေတပ်နဲ့ သီရိလင်္ကာက တပ်ဖွဲ့တွေနဲ့အတူ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ် (ICG) က သောကြာနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။  

ရေမျက်နှာပြင်အထက်နားက သင်္ဘောကိုယ်ထည်မှာ ခြောက်ပေလောက် အက်ကြောင်းထင်ခဲ့ပေမယ့် သင်္ဘောပေါက်ကွဲနိုင်မယ့်အန္တရာယ်မရှိဘူးလို့ သီရိလင်္ကာရေတပ်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly