စင်ကာပူ တွင် COVID -19 ရောဂါပိုးရှိသူနှင့်ထိတွေ့မှုမရှိဘဲ ကူးစက်နေသူနှင့်  လူနာသစ်များ ထပ်မံတွေ့ရှိ

စင်ကာပူ တွင် COVID -19 ရောဂါပိုးရှိသူနှင့်ထိတွေ့မှုမရှိဘဲ ကူးစက်နေသူနှင့်  လူနာသစ်များ ထပ်မံတွေ့ရှိ

စက်တင်ဘာ ၄

စင်ကာပူတွင်  COVID -19 ရောဂါပိုးရှိသူနှင့်ထိတွေ့မှုမရှိပဲကူးစက်သူ ၂ ဦး ၊ပြည်ပမှကူးစက်ပြီးပြန်လာသူ  ၅ ဦးအပါအဝင်နောက်ထပ်ရောဂါကူးစက်ခံရသူ ၄၈ ဦးကိုထပ်မံတွေ့ရှိရသည်ဟု စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနမှပြောကြား ခဲ့သည်။

ယခုအခါ စင်ကာပူတွင် COVID -19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၆ ၉၀၈ ဦးရှိနေပြီဖြစ်သည်။

ရောဂါပိုးရှိသူနှင့်ထိတွေ့မှုမရှိပဲ ကူးစက်ခံရသူ ၂ ဦးမှာ အသက် ၅၆ နှစ်အရွယ် အမြဲတမ်းနေထိုင်ခွင့်ရသူ တစ်ဦးနှင့်  ၄၅ နှစ်အရွယ် အလုပ်ဖြင့်နေထိုင်ခွင့်ရသူ အိန္ဒိယ နိုင်ငံသားအမျိုးသားတစ်ဦးဖြစ်သည်။

ကူးစက်ခံရသူ ၂ ဦးလုံးသည်ရောဂါလက္ခဏာပြခြင်းမရှိသလိုရောဂါပိုးရှိသူများနှင့်ထိတွေ့ခြင်းမရှိသူများ ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောလိုင်း နှင့် ကုန်ထုတ်လုပ်ငန်းတို့တွင်လုပ်ကိုင်နေပြီး ပြင်ပ အဆောင်များတွင်နေထိုင်သူများကိုအစဉ်လိုက်စစ်ဆေးရာမှ ရောဂါပိုးကူးစက်နေသူ ၂ ဦးကိုတွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။

စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနမှပြောကြားရာ၌အသက် ၅၆ နှစ်အရွယ်ပုဂ္ဂိုလ်ကိုနှာခေါင်းနှင့်အာခေါင် တို့ဖတ်များရယူစစ်ဆေးရာမှ ရောဂါကူးစက်နေသည်ကိုတွေ့ရှိရခြင်းဖြစ်ပြီး ကူးစက်ခံရခြင်းဖြစ်နိုင် ကြောင်း၊  ကူးစက်မှုရှိ မရှိ စစ်ဆေးမှုများကိုဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ရောဂါပိုးရှိသူများနှင့်ဆက်စပ်သူအားလုံးကိုသီးခြားခွဲထားပြီးကွာရင်တင်းလုပ်ထားကြောင်း၊ကွာရင်တင်း ဝင်နေစဉ်အတွင်းအစမှအဆုံးတိုင်ဆေးစစ်မှုများပြုလုပ်မည်ဖြစ်သဖြင့် ရောဂါလက္ခဏာပြသူများကို တွေ့ရှိနိုင်မည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

ရောဂါပိုးရှိသူများနှင့်ထိတွေ့ခြင်းမရှိပဲကူးစက်ခံရသူပျမ်းမျှဦးရေမှာယခင်ကတစ်ပတ်အတွင်းတစ်ရက် လျှင်တစ်ဦးနှုန်းသာရှိခဲ့ရာမှပြီးခဲ့သောရက်သတ္တပတ်အတွင်းတစ်ရက်လျှင် ၂ ဦးနှုန်းအထိတက်လာ ခဲ့သည်။

ရောဂါရှိသူထံမှကူးစက်ခံရသူ ၅ ဦးမှာ ပြည်ပမှရောက်ရှိလာသူများဖြစ်သည်။ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ် မှပြန်လာသူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အာရပ်စော်ဘွားများပြည်ထောင်စု မှပြန်လာ သူ အသက် ၄၇ နှစ်အရွယ်အမျိုးသားတစ်ဦး ၊ အိန္ဒိယမှပြန်လာသူ အသက် ၄၉ နှစ်အရွယ်အမျိုးသားတစ်ဦး၊ ဖိလစ်ပိုင်မှပြန်လာသူအသက် ၃၈ နှစ်အရွယ် ပုဂ္ဂိုလ်တစ်ဦး နှင့် အိန္ဒိယမှပြန်လာသူ အသက် ၂၂ နှစ် အရွယ် ပုဂ္ဂိုလ်တစ်ဦးတို့ဖြစ်သည်။

COVID -19 ရောဂါရှင် ၁၃၇ ဦးကိုဆေးရုံများ၊ ကွာရင်တင်းထားသောနေရာများမှထွက်ခွာခွင့်ပြုခဲ့ပြီး ဖြစ်သည်။ လူနာ ၅၆ ၀၂၈  ဦးလုံးအပြည့်အဝပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

လက်ရှိအချိန်တွင်လူနာ  ၅၂  ဦးမှာဆေးရုံတွင်ရှိနေဆဲဖြစ်သည်။၎င်းတို့အနက်အများစုမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အထူးစောင့်ကြပ်ကုသဆောင်တွင်နေရသူမရှိပေ။

ဗုဒ္ဓဟူးနေ့က စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံး သည်လွှတ်တော်တွင် COVID -19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများနှင့်ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းရင်ဆိုင်နေရသောစိန်ခေါ်မှုများအကြောင်းကိုပြောကြားခဲ့သည်။စင်ကာပူ သည်ရောဂါကူးစက်မှုကိုကောင်းမွန်စွာကိုင်တွယ်နိုင်ပြီးအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်းအစိုးရအနေဖြင့်အမှားအယွင်းများမှသင်ခန်းစာယူကာနောက်တစ်ကြိမ်တွင် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြီးခဲ့သောဖြစ်စဉ်များအရ မိမိတို့သည်မတူညီ သောနည်းလမ်းများကိုအသုံးပြုရလိမ့်မည် ဟုပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly