ဆင်ဆာပိတ်မှုကြောင့် Justice for Myanmar က ပုံတူဝက်ဘ်ဆိုက်တစ်ခု စတင် ထုတ်လွှင့်

ဆင်ဆာပိတ်မှုကြောင့် Justice for Myanmar က ပုံတူဝက်ဘ်ဆိုက်တစ်ခု စတင် ထုတ်လွှင့်

စက်တင်ဘာလ ၄

Justice for Myanmar ဝက်ဘ်ဆိုက်ကို ဆင်ဆာပိတ်ရန် အစိုးရက မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်‌ဆောင်မှု ပေးသူများကို လျှို့ဝှက်ညွှန်ကြားခဲ့ပြီးနောက် Justice for Myanmar က အခြား ပုံတူဝက်ဘ်ဆိုက် (mirror site) တစ်ခုကို စတင် ထုတ်လွှင့်လိုက်သည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်တွင် စတင်ထုတ်လွှင့်ခဲ့သည့် Justice For Myanmar အဖွဲ့ ဝဘ်ဆိုက်သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ရန်၊ ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေ စိုးမိုးမှုတို့ကို မြှင့်တင်ရန်အတွက် လှုပ်ရှားတောင်းဆိုမှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တပ်မတော်၏ အကျိုးစီးပွားပဋိပက္ခ၊ အကျင့်ပျက်ခြစားမှု၊ တပ်မတော်စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြား ဆက်နွယ်နေသည့် သက်သေအထောက်အထားများအပေါ် အစီရင်ခံစာများကို ရေးသားထုတ်ပြန်နေသည်ဟု ပုံတူဝက်ဘ်ဆိုက် ထုတ်လွှင့်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Justice for Myanmar ဝက်ဘ်ဆိုက်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ဝင်ရောက်ကြည့်ရှု၍ မရခဲ့ပေ။ Justice for Myanmar ၏ မူလ ဝက်ဘ်ဆိုက်မှာ www.justiceformyanmar.org ဖြစ်ပြီး အသစ်ထုတ်လွှင့်လိုက်သည့် ပုံတူဝက်ဘ်ဆိုက်မှာ https://justiceformyanmar.github.io/justiceformyanmar.org/ ဖြစ်သည်။

ဝက်ဘ်ဆိုက်ကို မြန်မာပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်ရေး အစိုးရဆင်ဆာပိတ်မှုကို ကျော်လွှားနိုင်စေရန်၊ ထုတ်ပြန်ထားသော သက်သေအထောက်အထားများ အပေါ်တွင် ပြည်သူများကိုယ်တိုင် ဆင်ခြင်ဆုံးဖြတ်နိုင်စေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ အစိုးရနှင့် တပ်မတော်၏ လုပ်ရပ်အလွဲများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ပေးနိုင်သော လွတ်လပ်သည့် သတင်းရင်းမြစ်များရှိရန် အရေးတကြီး လိုအပ်ကြောင်း Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

သို့မှသာ မဲဆန္ဒရှင်များအနေဖြင့် မဲထည့်ရာတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန်သိရှိပြီး စဉ်းစားဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်းနှင့် အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာအားလုံး၏ ဝက်ဘ်ဆိုက်များကိုလည်း ပြန်လည်ဖွင့်ပေးရန် တောင်းဆိုကြောင်း သူမက ပြောထားသည်။

Justice for Myanmar ဝက်ဘ်ဆိုက်ကို ပိတ်ရန် လုပ်ဆောင်ခြင်းသည် လုံခြုံရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည့် လူမှုမီဒီယာ စောင့်ကြည့်ရေး အဖွဲ့တစ်ခု၏ တိုင်ကြားမှုကြောင့်ဖြစ်ကြောင်း၊ အချို့ဝက်ဘ်ဆိုက်များသည် သတင်းမှားများ ဖြန့်နေသည်ကို စောင့်ကြည့်ရေးအဖွဲ့က တွေ့ရှိရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဦးမျိုးဆွေက Reuters သတင်းဌာနသို့ ပြောသော်လည်း စောင့်ကြည့်ရေး အဖွဲ့အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဗြိတိန်အခြေစိုက် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားသည့်အဖွဲ့ ARTICLE 19 က Justice for Myanmar ဝက်ဘ်ဆိုက်ကို ပိတ်ခိုင်းသည့် မြန်မာအစိုးရ အမိန့်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူခွင့်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ဤအမိန့်သည် တပ်မတော်ကို ဝေဖန်ပြောဆိုမှုများအပေါ် ဖိနှိပ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly