ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်နေစဉ် တောင်ကိုရီးယားဆရာဝန်များ သပိတ်မှောက်မှု ရပ်ဆိုင်းဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်နေစဉ် တောင်ကိုရီးယားဆရာဝန်များ သပိတ်မှောက်မှု ရပ်ဆိုင်းဖွယ်ရှိ

စက်တင်ဘာ ၄

တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လှိုင်းသစ်တစ်ခုကို ထိန်းချုပ်ရေး အားထုတ်မှုများအပေါ် အဟန့်အတားဖြစ်ထားစေခဲ့သည့် သီတင်းနှစ်ပတ်ကြာ သပိတ်မှောက်ဆန္ဒပြမှုကို အဆုံးသတ်ရန် ဆရာဝန်များ ဘက်က စက်တင်ဘာ ၄ ရက်တွင် သဘောတူညီခဲ့ကြပြီဖြစ်ကြောင်း သိရသည်။

ယင်းမတိုင်မီက အစိုးရ၏ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့်ပတ်သက်၍ ညလုံးပေါက် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

ယင်းနိုင်ငံတွင် အလုပ်သင်ဆရာဝန်များအပါအဝင် ဆရာဝန် ၁၆,၀၀၀ ခန့်သည် သြဂုတ် ၂၁ ရက်ကတည်းက သပိတ်မှောက်ဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။

သင်တန်းသား ဆရာဝန်များသည် အရေးပေါ်အခန်းများ၊ အထူးကြပ်မတ်ကုသဆောင်များတွင် ကျန်းမာရေးဝန်ဆောင်မှုများ၏ အဓိကကျောရိုးများဖြစ်သလို ဗိုင်းရပ်စ် စစ်ဆေးမှု ယာယီနေရာများတွင် စေတနာ့အမှုထမ်း အဖြစ် အဓိကကျသူများဖြစ်သည်။

နိုင်ငံတွင် ဆရာဝန် အရေအတွက် တိုးမြှင့်ခြင်း၊ အများပြည်သူ ဆေးဘက်ဆိုင်ရာ ကျောင်းများ တည်ဆောက်ခြင်း၊ telemedicine ကို ချဲ့ထွင်ခြင်း အပါအဝင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များအပေါ် ဆရာဝန်များက ကန့်ကွက်နေခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်များက ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ ကျန်းမာရေးအကျပ်အတည်းများကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း အစိုးရက ပြောသော်လည်း ဆရာဝန်များကမူ ယင်းအစီအစဉ်များ အရ ကျေးလက်ဒေသများတွင် ညံ့ဖျင်းသည့် ဆေးဘက် အခြေခံအဆောက်အအုံနှင့် အလုပ်လုပ်ကိုင်ရမှု အခြေအနေကို တိုးတက်စေခြင်းမရှိဘဲ မြို့ကြီးများတွင် ဆရာဝန် သမားတော်များ၏ စုစည်းမှုကို ပိုမိုနက်ရှိုင်းစေရုံ သာရှိမည်ဟု ဆရာဝန်များက ပြောဆိုနေကြသည်။

ယခုအခါ အစိုးရဘက်က ပြုပြင်ပြောင်းလဲမှုများ ရပ်ဆိုင်းရန် သဘောတူညီခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တည်ငြိမ်သွားသည်နှင့်တပြိုင်နက် ယင်းတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာ လုပ်ငန်းတွင်းမှ တာဝန်ရှိသူများ၊ ပါလီမန် တို့နှင့် တဖန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သဘောတူညီချက်ကို ကြားဝင်စေ့စပ်ပေးခဲ့သည့် အာဏာရပါတီ တာဝန်ရှိသူများက ပြောသည်။

ယခုကဲ့သို့ သဘောတူညီချက် ရခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း၊ ဆရာဝန်များ လုပ်ငန်းခွင်တွင်း ပြန်လာမှုက ဆေးရုံများ၏ လုပ်ငန်းလည်ပတ်မှုများကို အဆင်ပြေချောမွေ့စေရေး အကူအညီဖြစ်စေမည်ဟု ဝန်ကြီးချုပ် ချွန်စီကျွန်က ပြောသွားခဲ့သည်။

ဆရာဝန်များ မည်သည့်အချိန်တွင် အလုပ်ကို ပြန်လည်စတင်သွားမည် ဆိုသည်နှင့်ပတ်သက်၍ ကိုရီးယား ဆေးဘက်ဆိုင်ရာ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပေးသွားရန် ငြင်းဆန်သွားခဲ့သည်။

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၁၉၈ ဦး ထပ်တွေ့ခဲ့ပြီးနောက် ယခုအခါ ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၀,၈၄၂ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် ၃၃၁ ဦး ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly