ကိုဗစ်-၁၉ ကာလအတွင်း လိင်ဆက်ဆံစဉ် နှာခေါင်းစည်းတပ်သင့်ဟု ကနေဒါ ဆရာဝန် အကြံပြု

ကိုဗစ်-၁၉ ကာလအတွင်း လိင်ဆက်ဆံစဉ် နှာခေါင်းစည်းတပ်သင့်ဟု ကနေဒါ ဆရာဝန် အကြံပြု

စက်တင်ဘာ ၃

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံမည့်ဘေးမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လိင်ဆက်ဆံစဉ်အတွင်း နှာခေါင်းစည်းတစ်ခု တပ်ထားသင့်ကြောင်း၊ နမ်းခြင်းကို မလုပ်သင့်ဘဲ ကျော်လိုက်သင့်ကြောင်း ကနေဒါ ဆေးဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် ကပ်ရောဂါကာလတစ်ခုတွင် ရောက်ရှိနေစဉ် တစ်ကိုယ်ရည် အာသာဖြေခြင်းက အန္တရာယ်အနည်းဆုံး လိင်ပိုင်းဆိုင်ရာ ရွေးချယ်မှုနည်းလမ်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

သုက် သို့မဟုတ် သားအိမ်လမ်းကြောင်း အရည်များကနေ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နိုင်ခြေ နည်းပါးကြောင်း၊ သို့သော် လိင်ဆက်ဆံဘက်သစ်များနှင့် လိင်မှုရေးရာ လုပ်ဆောင်ခြင်းက ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ မြင့်မား ကြောင်း၊ အထူးသဖြင့် နမ်းခြင်း ကဲ့သို့ အနီးကပ် ဆက်ဆံထိတွေ့မှုမျိုးကဲ့သို့ ဖြစ်ကြောင်း Dr Theresa Tam က ပြောသည်။

“ကိုဗစ်-၁၉ ကာလအတွင်း အခြား လုပ်ဆောင်ချက်တွေလိုမျိုးပဲ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ၊ ပျံ့နှံ့နိုင်ခြေကို တတ်နိုင်သမျှ လျော့ကျအောင် လုပ်နိုင်တဲ့ အရာတချို့ရှိပါတယ်” ဟု သူမက ပြောသည်။

“နှုတ်ခမ်း နမ်းတာကို မလုပ်တော့ဘဲနဲ့ မျက်နှာတစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ရှိတာကိုလည်း ရှောင်ရပါမယ်၊ နောက်ပြီး ရှင်တို့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို ကာကွယ်ဖို့ နှာခေါင်းစည်းတစ်ခု ဝတ်ရပါမယ်၊ ပြီးတော့ ရှင်တို့ကိုယ်တိုင်နဲ့ ရှင်တို့ရဲ့ ပါတနာကို လိင်မဆက်ဆံခင် ရောဂါလက္ခဏာရပ်တွေနဲ့ပတ်သက်လို့ သေချာလေ့လာကြည့်ရှုရပါမယ်” ဟု Tam က ပြောသည်။

“ကိုဗစ်-၁၉ အတွင်း အန္တရာယ် အနည်းဆုံး လိင်မှုဆိုင်ရာ အပြုအမှုကတော့ သင့်ဘာသာ တစ်ဦးတည်း ရှိနေခြင်းပါ” ဟု သူမက ပြောသည်။

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် အလုံးစုံကျန်းမာရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း Tam က ပြောသည်။ ကြိုတင်အလေးထားဂရုစိုက်ခြင်းအားဖြင့် ကနေဒါနိုင်ငံသားများအနေဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ရရှိထားသည့် တိုးတက်မှုများကို ထိန်းသိမ်းစောင့်ရှောက်ရင်းနှင့် ရုပ်ပိုင်းဆိုင်ရာ တရင်းတနှီးဆက်ဆံမှုကို ခံစားနိုင်မည့် နည်းလမ်းများ ရှာနိုင်လိမ့်မည်ဟု သူမက ပြောသည်။

ကနေဒါတွင် စက်တင်ဘာ ၁ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၂၉,၄၂၅ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉,၁၃၂ ဦး ရှိနေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly