ဂျပန်ကမ်းလွန်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့်နစ်မြုပ်ခဲ့တဲ့သင်္ဘောပေါ်က လူ ၁ ဦးကို ကယ်ဆယ်ရမိ

By AFP
04 September 2020
ဂျပန်ကမ်းလွန်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့်နစ်မြုပ်ခဲ့တဲ့သင်္ဘောပေါ်က လူ ၁ ဦးကို ကယ်ဆယ်ရမိ

စက်တင်ဘာ ၄

နွားအကောင်ရေ ၆ ၀၀၀ နီးပါးတင်ဆောင်လာတဲ့ Gulf Livestock 1 သင်္ဘောဟာ စက်တင်ဘာ ၂ ရက်အစောပိုင်းက ဂျပန်ရဲ့ အာမာမီအိုရှီးမားကျွန်းအနောက်ဘက် ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) ခန့်ကနေ ဘေးအန္တရာယ် ကျရောက်နေတဲ့အကြောင်း အချက်ပြခဲ့ပါတယ်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က လေယာဉ်တွေ၊ အသက်ကယ်လှေတွေနဲ့ ကယ်ဆယ်ရေးသမားတွေနဲ့အတူ သင်္ဘောကို ရှာဖွေခဲ့ကြပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ အသက် ၄၅ နှစ်အရွယ် ဖိလစ်ပိုင်လူမျိုးတစ်ယောက်ကို အသက်ရှင် လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အားပြင်းတိုင်ဖွန်းမုန်တိုင်း မေဆက် တိုက်ခတ်စဉ် အန္တရာယ်သတိပေးချက် ထုတ်ပြန်ပြီးတဲ့နောက် အဆိုပါလူဟာ အသက်ကယ်အင်္ကျီကို ဝတ်ဆင်ပြီး ပင်လယ်ထဲ ခုန်ချခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေကို ပြောပြပါတယ်။

သင်္ဘောရဲ့ အင်ဂျင်စက်တစ်လုံးလည်း ရပ်သွားခဲ့ပြီး လှိုင်းရိုက်တာခံလိုက်ရတဲ့အတွက် သင်္ဘောမှောက်ခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ သင်္ဘောနစ်မြုပ်သွားတဲ့အကြောင်း အသက်ရှင်လွတ်မြောက်ခဲ့တဲ့လူက ပြောပါတယ်။  

သင်္ဘောပေါ်မှာ ဖိလစ်ပိုင် ၃၉ ဦး၊ နယူးဇီလန်နိုင်ငံသား နှစ်ဦးနဲ့ ဩစတြေးလျနိုင်ငံသား နှစ်ဦးပါဝင်ပြီး နွားတွေသယ်ဆောင်ဖို့ ဩစတြေးလျအခြေစိုက် Australasian Global Exports ကုမ္ပဏီက တာဝန်ပေးထား သူတွေဖြစ်ပါတယ်။  

အဲဒီသင်္ဘောဟာ နယူးဇီလန် နေပီယာဆိပ်ကမ်းမြို့ကနေ တရုတ်ဆိပ်ကမ်းမြို့ တန့်ရှန်ဆီ ဦးတည်ထွက်ခွါလာခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly