သန်လျင်မြို့မှ COVID-19 အတည်ပြုလူနာ သေဆုံး

စက်တင်ဘာ ၄ ရက်

သန်လျင်မြို့နယ်မှ အတည်ပြုလူနာအမှတ် (၁၀၂၃)သည် စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခွဲ အချိန့်ခန့်က သေဆုံးသွားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ရာ မြန်မာနိုင်ငံတွင် က ကိုဗစ်-၁၉ ရောဂါကြောင့် ခုနှစ်ဦးမြောက်သေဆုံးသူဖြစ်လာခဲ့သည်။

သန်လျင်မြို့နယ် အုတ်ဖိုစုရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးသည် အရေပြားလေးဖက်နာရောဂါ နှင့် ကျောက်ကပ်ပျက်စီးနေသောရောဂါအခံများရှိသူဖြစ်ကာ ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမော ဖောက်သေဆုံးသွားကြောင်း ကျန်းမာရေးအာဏာပိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ကိုထွန်းက "သူကကျောက်ကပ်နဲ့ပတ်သက်တဲ့ ဝေဒနာကို နှစ်နဲ့ချီပြီးခံစားနေတဲ့သူပါ။ ကျောက်ကပ်ဆေးနေရတာကိုပဲ နှစ်နဲ့ချီနေပြီ၊ အဓိကကတော့ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါကို အမြဲတမ်းအရေးပေါ်အခြေအနေ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်" ဟု ဆိုသည်။
 
သူမကို သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသနေပြီးနောက်   စက်တင်ဘာ ၃ရက် နံနက်ပိုင်းတွင်  အတည်ပြုလူနာအဖြစ် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

  • ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

သန်လျင်မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အလယ်အလတ်အဆင့်တွင်ရှိပြီး လက်ရှိတွင် ကူးစက်ခံရသူ လေးဦးရှိနေသည်။

သြဂုတ် ၁၆ ရက်နေ့နောက်ပိုင်းမှစတင်၍ တကျော့ပြန်ဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၅ မြို့နယ်ရှိသည့်အနက် ၃၂ မြို့နယ်တွင် ယနေ့နံနက် ၈ နာရီအထိ  ကိုဗစ်-၁၉ လူနာပေါင်း ၁၈၉ ဦးရှိနေသည်။ ကူးစက်ခံရသူတွေ့ရှိသော မြို့နယ်များအနက် သင်္ကန်းကျွန်းမြို့နယ်က သင်္ကန်းကျွန်းက လူနာ ၃၇ ဦးဖြင့် အများဆုံးရှိနေပြီး ဒလ၊ အရှေ့ဒဂုံ၊ မှော်ဘီ၊ ထောက်ကြံ့၊ အလုံ၊ လမ်းမတော်တို့က တစ်ဦးစီဖြင့် အနည်းဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ သေဆုံးသူ ခုနှစ်ဦးရှိပြီး အတည်ပြုလူနာ ၁၁၃၃ ဦးအထိ ရှိပြီဖြစ်ကာ ရောဂါပိုးကင်းစင်သူ ၃၅၉ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly