အာဏာရပါတီဝင်အများစုရဲ့ ထောက်ခံမှုကို ရနေတဲ့ ဆူဂါ ဂျပန်ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်မယ်လို့ ကြေညာ

By AFP
03 September 2020
အာဏာရပါတီဝင်အများစုရဲ့ ထောက်ခံမှုကို ရနေတဲ့ ဆူဂါ ဂျပန်ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်မယ်လို့ ကြေညာ

စက်တင်ဘာ ၃

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါက ၎င်းဟာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့အတွက် အာဏာရပါတီခေါင်းဆောင် ရွေးပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်မှာ တရားဝင် ကြေညာလိုက် ပါတယ်။

လက်ရှိအချိန်မှာ အာဏာရပါတီဝင်အများစုရဲ့ ထောက်ခံမှုကို ရနေတာကြောင့် ဆူဂါဟာ ဝန်ကြီးချုပ်ရွေးပွဲမှာ ရှင်းရှင်းလင်းလင်း ရေပန်းစားနေပါတယ်။

ဂျပန်ဝန်ကြီးချုပ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ ဆူဂါဘက်က စီစဉ်နေတယ်ဆိုပြီး ထင်ကြေးပေးမှုတွေ ထွက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဆူဂါက ခုလိုမျိုး ၎င်းရဲ့ ပါဝင်ယှဉ်ပြိုင်မှုကို တရားဝင် ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ နေရာ ဆက်ခံမယ့်သူကို စက်တင်ဘာ ၁၄ ရက်မှာ မဲပေးရွေးချယ်သွားဖို့ သတ်မှတ်ထားပါတယ်။

အဲဒီနောက် နှစ်ရက်အကြာမှာ ပါလီမန် မဲပေးမှုကို လုပ်သွားဖို့ ရှိပြီး ဂျပန်အမတ်တွေဟာ LDP ခေါင်းဆောင်သစ်ကို ဝန်ကြီးချုပ်အဖြစ် တရားဝင် အတည်ပြုသွားမယ်လို့ မျှော်လင့်ရပါတယ်။

အလုပ်မှာ စူးစိုက်နှစ်မြှုပ်လုပ်ကိုင်ခဲ့တဲ့ ပါတီခေါင်းဆောင် အာဘေးရဲ့ အလုပ်တွေကို အစွမ်းရှိသမျှ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဆူဂါက ကတိပြုသွားခဲ့ပါတယ်။

မစ္စတာ အာဘေးကတော့ ကျန်းမာရေး အခြေအနေကြောင့် ဂျပန်ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly