ဥဇဘတ်ကစ္စတန်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို လဟာပြင်နေရာတွေမှာ ကျင်းပ

ဥဇဘတ်ကစ္စတန်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို လဟာပြင်နေရာတွေမှာ ကျင်းပ

စက်တင်ဘာ ၃  

ဥဇဘတ်ကစ္စတန်နိုင်ငံမှာ စက်တင်ဘာ ၂ ရက်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို လဟာပြင် အမိုးမဲ့နေရာတွေမှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ကျောင်းသား၊ ကျောင်းသူ တစ်သိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။

ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက ပညာသင်နှစ် စတင်မှုအပေါ် မသေချာမရေရာမှုတွေနဲ့ ဖုံးလွှမ်းထားခဲ့ပါတယ်။

မြို့တော် တက်ရှ်ကန့် မှာ ရှိတဲ့ ရုက္ခဗေဒ ဥယျာဉ်တွေ၊ ပန်းခြံတစ်ခု၊ ဘောလုံးကွင်းတစ်ခုတို့မှာ ကျင်းပတဲ့ စာမေးပွဲတွေကို ကျောင်းသားတွေ ဝင်ရောက်ဖြေဆိုကြချိန် ယင်းနေရာတွေကို ရဲတွေက လုံခြုံရေးရယူစောင့်ကြပ်ပေးခဲ့ ကြပါတယ်။

ယခုလထဲမှာ ကျောင်းသားကျောင်းသူ တစ်သန်းကျော် စာမေးပွဲတွေ ဖြေကြရဖို့ ရှိနေချိန် ပထမအသုတ်အနေနဲ့ ဖြေကြရတဲ့ ကျောင်းသား၊ကျောင်းသူတွေကတော့ ပိုးသတ်ဥမင်လိုဏ်တွေကနေ ဖြတ်သန်းပြီး စာမေးပွဲဖြေရမယ့် နေရာတွေကို ဝင်ကြရသလို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုကိုလည်း ခံယူကြရပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ ထုတ်ပေးခဲ့ကြပါတယ်။

ကျောင်းသားတွေအနေနဲ့ နောက်နေ့မှာပဲ ၎င်းတို့ရဲ့ စာမေးပွဲရလဒ်တွေ သိရလိမ့်မယ်ဆိုပြီး စာမေးပွဲစင်တာ ညွန်ကြားရေးမှူး အယ်လ်ဗီရာ အူရာယီဗာက ပြောပါတယ်။

“ ခုံတွေကိုလည်း နှစ်မီတာစီ ခြားပြီး ထားထားပါတယ်၊ နောက်ပြီး သန့်ရှင်းရေး စံနှုန်းတွေအားလုံးကို ကျွန်မတို့ သေချာစောင့်ကြည့်နေပါတယ်” လို့ အူရာယီဗာက ပြောသွားခဲ့ပါတယ်။

စာမေးပွဲ လာဖြေတဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့ အိုအီရှာ အက်မီဒိုဗာကတော့ နိုင်ငံမှာ လော့ခ်ဒေါင်းချမှတ်ထားမှုဟာ မေလနဲ့ ဇွန်လမှာ ဖြေလျှော့သွားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်မြင့်တက်လာလို့ ဇူလိုင်လမှာ လော့ခ်ဒေါင်း ပြန်ချခဲ့ကြောင်း၊ ဒါကြောင့် စာမေးပွဲအတွက် သူမရဲ့ ပြင်ဆင်မှုတွေအပေါ် အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ပြောသွားခဲ့ပါတယ်။

လူဦးရေ ၃၃ သန်း ရှိတဲ့ ဥဇဘတ်ကစ္စတန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၂,၀၀၀ ကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၆ ဦး ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly