ဝါစိမ်းနီ ကမ္ဘာသိမ်းမည် မြန်မာရုပ်သံ ဇာတ်လမ်းတွဲ mntv နှင့် channel-9 တွင် ပြသမည်

ဝါစိမ်းနီ ကမ္ဘာသိမ်းမည် မြန်မာရုပ်သံ ဇာတ်လမ်းတွဲ mntv နှင့် channel-9 တွင် ပြသမည်

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။              ။ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားသည့် ဝါစိမ်းနီ ကမ္ဘာသိမ်းမည် အမည်ရှိ မြန်မာရုပ်သံ ဇာတ်လမ်းတွဲကို ဒီဇင်ဘာလမှ စတင်ကာ mntv ရုပ်သံလိုင်း နှင့် channel-9 ရုပ်သံလိုင်းတို့တွင် ပြသသွားမည် ဖြစ်သည်။

ဝါစိမ်းနီ ကမ္ဘာသိမ်းမည် ဇာတ်လမ်းတွဲကို လွန်ခဲ့သည့် နှစ်နှစ်ကျော်က ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပြီး အိမ်ထောင်ရှင်များ သစ္စာရှိရှိဖြင့် တစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာ ပေါင်းဖက်နိုင်ကြစေရန် ရည်ရွယ်ပြီး ရိုက်ကူးထားခြင်း ဖြစ်သည်။

ထိုဇာတ်လမ်းတွဲကို ဒါရိုက်တာ ညီညီထွန်းလွင်မှ ရိုက်ကူးထားကာ ဇာတ်လမ်း၊ ဇာတ်ညွှန်း နေစိုးသော်၊ လွင်မင်းအံ့၊ တွဲဖက် ဒါရိုက်တာ မောင်သီလ၊ သြရသဖြစ်ပြီး မင်းဦး၊ နေဆန်း၊ စည်ဖြိုး၊ ညီထွဋ်ခေါင်၊ ထက်လူ၊ မျိုးသန္တာထွန်း၊ ကြည်လဲ့လဲ့ဦး၊ အေးမြတ်သူ၊ နန်းမြတ်ဖြိုးသင်း၊ ယွန်းယွန်း၊ ခင်ရူပ၊ မေပန်းချီ နှင့် သရုပ်ဆောင်များစွာ ပါဝင် ရိုက်ကူးထားကြသည်။

ဒါရိုက်တာ ညီညီထွန်းလွင်က "ဇာတ်ကား နာမည်ကိုတော့ မြန်မာနိုင်ငံအလံကို ကြည့်ပြီး ပေးဖြစ်တာပါ။ အဓိက ကတော့ ဝါရယ် စိမ်းရယ် နီရယ် အဲဒီ မိသားစု ၃စုရဲ့ အဖြစ်အပျက်လေးတွေပေါ့။ ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ အမျိုးသမီးတွေက ဦးဆောင်သွားတယ်။ အမျိုးသမီးတွေ ဦးဆောင်မှလည်း ငြိမ်းချမ်းမယ် အောင်မြင်မယ် ။ အဲဒီ့ အတိတ်နိမတ်ရယ် မြန်မာနိုင်ငံက ပက်စပို့ အနီလေး ပြလိုက်တာနဲ့ ကမ္ဘာကြီးမှာ မျက်နှာမငယ်ရတော့ဘူး။ အဲဒီ အတိတ်နိမတ်နဲ့ ရိုက်ကူးထားတာပါ" ဟု ပြောသည်။

ဝါစိမ်းနီ ကမ္ဘာသိမ်းမည် ဇာတ်လမ်းတွဲတွင် အပိုင်း ၃၀ ပါဝင်ပြီး တစ်ပိုင်းနှင့် တစ်ပိုင်း အချိတ်အဆက် မိအောင် ရိုက်ကူးထားပြီး ထိုဇာတ်ကားကို ဒါရိုက်တာ ညီညီထွန်းလွင်မှ အနုပညာလောကမှ မရပ်နားခင် ကြိုးစား ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်သည်။

သရုပ်ဆောင် အေးမြတ်သူက "ဒီဇာတ်ကားမှာ အသက်ကြီးကြီး အမျိုးသားကလေး တစ်ယောက်ရှိတဲ့ မုဆိုးဖိုကို လက်ထပ် ထားတဲ့ အသက်ငယ်ငယ် အမျိုးသမီး တစ်ယောက် နေရာကနေ သရုပ်ဆောင် ထားပါတယ်။ အဲကား ရိုက်နေတုန်းက အရမ်းကို ရီနေရတာဆိုတော့ ကြည့်မယ့်သူတွေ အတွက်လည်း ဘဝအမောတွေ ပြေလိမ့်မယ်လို့ အာမခံပါတယ်" ဟု ပြောသည်။

ထို ဇာတ်လမ်းတွဲကို ဒီဇင်ဘာလမှ စတင်ကာ mntv ရုပ်သံလိုင်းတွင် စနေနေ့ ည ၉နာရီ အချိန်တိုင်းတွင် ပြသ သွားမည် ဖြစ်သည်။ channel 9 ရုပ်သံလိုင်းမှာတော့ ဗုဒ္ဓဟူးနေ့ ည ၉နာရီ အချိန်များတွင် ထုတ်လွှင့် ပြသ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly