အချိန်မီ အာဏာလွှဲပေးမည်ဟု သမ္မတရုံး ထုတ်ပြန်

အချိန်မီ အာဏာလွှဲပေးမည်ဟု သမ္မတရုံး ထုတ်ပြန်

သမ္မတရုံး၏ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းထုတ်ပြန်ချက်တွင် ပြည်သူထောက်ခံမှုရရှိရန် စွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးထားပြီး သတ်မှတ်ချိန်အတိုင်း အာဏာလွှဲပြောင်းပေးမည်ဟု ဆိုထားသည်။

သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့၏ ရုပ်ပုံများအသုံးပြုလျက် ထုတ်ပြန်ချက်တွင် “ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန် စွမ်းဆောင်ခဲ့သော ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အောင်မြင်မှုကို လှိုက်လှဲဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်” ဟု ပါရှိသည်။

အလားတူ “နိုင်ငံတော် အစိုးရအနေဖြင့် မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများ၏ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမည်” ဟုလည်း ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် ကမ်းလှမ်းထားသည်ဖြစ်ရာ “တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မည်” ဟုလည်း ဆိုထားသည်။

အလားတူ  “ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည်” ဟုလည်း ကြေညာချက်တွင်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags