လှိုင်မြို့နယ်တွင် နေထိုင်သည့် သီရိမင်္ဂလာဈေးမှ ဈေးသည်တစ်ဦး၏ ၅ လသားအရွယ် ကလေးငယ်တွင် COVID-19 ပိုးတွေ့ရှိ

လှိုင်မြို့နယ်တွင် နေထိုင်သည့် သီရိမင်္ဂလာဈေးမှ ဈေးသည်တစ်ဦး၏ ၅ လသားအရွယ် ကလေးငယ်တွင် COVID-19 ပိုးတွေ့ရှိ
Photo Creadit - Ministry of Health and Sports, Myanmar

ရန်ကုန်၊ စက်တင်ဘာ ၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်နံနက်ပိုင်းက ထုတ်ပြန်သည့် COVID-19 အတည်ပြုလူနာ စာရင်းတွင် ပါဝင်သော အသက် ၅ လအရွယ်ကလေးငယ်၏ မိဘများမှာ လှိုင်မြို့နယ်တွင် နေထိုင်ပြီး သီရိမင်္ဂလာဈေးတွင် ကုန်စိမ်းရောင်းချနေသူများဖြစ်ကြောင်း လှိုင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မဇ္ဈိမကိုပြောသည်။

COVID-19 လူနာအမှတ် ၉၀၄ ဖြစ်သူ အသက် ၅ လအရွယ် ကလေးငယ်သည် ရင်ကျပ် ဖျားနာဝေဒနာခံစားရသဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသနေသူဖြစ်ပြီး COVID-19 ပိုးကူးစက်ခံထား ရကြောင်းသံသယရှိ၍ စစ်ဆေးရာမှ အတည်ပြုလူနာဖြစ်ကြောင်း ဝန်ကြီးဌာန၏ စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်တွင်ပါဝင်လာခဲ့ခြင်းဖြစ်သည်။

၎င်း၏ မိဘနှစ်ပါးသည် သီရိမင်္ဂလာဈေးတွင် ကုန်စိမ်းရောင်းချသူဖြစ်ကာ မိဘနှစ်ပါးနှင့်အတူ ဦးလေးဖြစ်သူတို့လည်း တစ်အိမ်တည်းနေထိုင်ကြောင်း ဦးကျော်ကျော်ထွန်းကပြောသည်။

“ ၅လသားအရွယ်ကလေးက ဘယ်မှသွားစရာအကြောင်းမရှိဘူးလေ။ မိဘရင်ခွင်မှာဆိုတော့။ ဒါဆို ဒီကလေးလေးက COVID-19 ဘာကြောင့်ဖြစ်သလဲဆိုရင် အဖေ၊ အမေက ကူးရင်ကူး၊ မကူးရင်ဈေးရောင်းတဲ့ဦးလေးတွေ အဒေါ်တွေဆီကကူးတယ်ပဲယူဆရတာပေါ့လေ။ ဒါပေမယ့်လို့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့် သီရိမင်္ဂလာဈေးကနေကူးစက်တယ်ဆိုတာမျိုး ကောက်ချက်ချလို့မရသေးဘူး” ဟု အဆို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် သီရိမင်္ဂလာဈေးအပါအဝင် ရန်ကုန်မြို့ရှိ ဈေးများအား ထူးခြားသည့် လုပ်ဆောင်ချက် တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လက်ရှိထုတ်ပြန်ထားသည့် ညွန်ကြားချက်များနှင့်အညီသာ လိုက်နာ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန လက်ထောက်ဌာနမှူး ဦးသန့်စင်ထွန်းက ပြောသည်။

 “ မြို့နယ်ကိုဗစ်ကာကွယ်ရေးကော်မတီက လမ်းညွှန်ချက်အတိုင်းလုပ်ရမှာပေါ့။ ကိုယ်တို့ကကျော်လုပ်လို့မရဘူးလေ။ လောလောဆယ်တော့ ကာကွယ်တားဆီးရေးတွေလုပ်တယ်။ Mask ကမ်ပိန်းတွေလုပ်တယ်။ နောက်ထပ် ဘာလုပ်ရမယ်ဆိုတာတော့ ကျန်းမာရေးကညွှန်ကြားလာမှာပေါ့ ” ဟု ၎င်းကပြောသည်။

သို့သော်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ စက်တင်ဘာ ၃ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်(၁၁)နှင့်အတူ ရွှေပိတောက်ငါးစျေးနှင့် သီရိမင်္ဂလာစျေးများ သို့ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးများလုပ်ဆောင်ရန်ကွင်းဆင်း ကြည့်ရှု့ကြမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် လူနာအမှတ် ၉၀၄ နှင့်တစ်အိမ်တည်းအတူနေထိုင်သူများနှင့် ဆက်စပ်၊ ထိတွေ့သူများကို ကွာရန်တင်းစင်တာသို့ပို့ဆောင်ပြီး စစ်ဆေးမှများပြုလုပ်နေကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပက်သတ်၍ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာမျာသို့ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

စက်တင်ဘာ ၂ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၉၃၈) ဦးရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly