မြိတ်နှင့် ထားဝယ်တို့တွင် ရွှေထည်အတုများ လိမ်လည်ပေါင်နှံသူအဖွဲ့ ဖမ်းဆီးရမိ

မြိတ်နှင့် ထားဝယ်တို့တွင် ရွှေထည်အတုများ လိမ်လည်ပေါင်နှံသူအဖွဲ့ ဖမ်းဆီးရမိ
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

စက်တင်ဘာ ၂

ရန်ကုန်မှတဆင့် ရောက်ရှိလာသည်ဆိုသည့် ရွှေထည်ပစ္စည်း အတုများ လိမ်လည် ပေါင်နှံသူအဖွဲ့ကို ပြီးခဲ့သည့် ရက်ပိုင်းက မြိတ်နှင့် ထားဝယ်မြို့နယ်တို့တွင် စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီး အရေးယူခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

အဆိုပါ ရွှေထည် အတုများကို ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နှင့် ၃၀ ရက်နေ့တို့တွင် လူအုပ်စုခွဲ၍ မြိတ်နှင့် ထားဝယ်မြို့နယ်တို့ရှိ ရွှေဆိုင်များတွင် လိုက်လံပေါင်နှံခဲ့ခြင်း ဖြစ်‌ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက “ရွှေထည် အတုတွေ လိုက်လံ ပေါင်နှံတဲ့အဖွဲ့ကို ဖမ်းဆီးရမိ ထားပါတယ်။ သူတို့ကို CCTV ရဲ့ မှတ်တမ်းတွေနဲ့အတူ သွားလာခဲ့တဲ့ နေရာတွေကို စစ်ဆေး ပေါ်ပေါက်ပြီး ဖမ်းဆီးရမိတာ ဖြစ်တယ်” ဟု ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

အဆိုပါ ရွှေထည် အတုများကို လိုက်လံ ပေါင်နှံသူအဖွဲ့တွင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့ ခြောက်ဦးအား သက်ဆိုင်ရာ မြို့နယ်တို့တွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly