တောင်ကိုရီုးယားအာဏာရှင်ဟောင်း ခိုးယူထားသည့် ကန်ဒေါ်လာတစ်သန်းကို အမေရိကန် ပြန်ပေး

တောင်ကိုရီုးယားအာဏာရှင်ဟောင်း ခိုးယူထားသည့် ကန်ဒေါ်လာတစ်သန်းကို အမေရိကန် ပြန်ပေး

ဝါရှင်တန်၊ နိုဝင်ဘာ - ၁၁ ။        ။ အင်္ဂါနေ့က အာဏာပိုင်များ၏ ပြောကြားချက်အရ အာရှင်ဟောင်းတစ်ဦးက အလွဲသုံးစားလုပ်ပြီး နိုင်ငံရပ်ခြားတွင် ဝှက်ထားခဲ့သည့် ကန်ဒေါ်လာ တစ်သန်းကျော်ကို အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားသို့ ပြန်လည် ပေးအပ်ခဲ့သည်ဟု ဆိုသည်။

တောင်ကိုရီးယား သမ္မတဟောင်း ချွန်ဒူးဟွမ်မှာ သူ့နိုင်ငံတွင် ၁၉၉၆ခုနှစ်က အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ကျခဲ့သူဖြစ်သော်လည်း အမေရိကန်အေးဂျင့်များအတွက်မူ သူ၏ပိုင်ဆိုင်မှုများကို ခြေရာခံမိ ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

ထိုငွေများကို တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ပြန်လည်ပေးအပ်ခဲ့ရာ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး ဂျ ဂျွန်ဆန်က ကိုရီးယား တရားရေးဝန်ကြီး ကင်ဟွန်ဝန်းနှင့် တွေ့ဆုံကာ ဂုဏ်ပြု စကားပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ယနေ့ခေတ်ဒေါ်လာတန်ဖိုးဖြင့် ၁.၁၃သန်းကို ပြန်လည်ပေးအပ်မှုမှာ ဝါရှင်တန်၏ နိုင်ငံခြားခေါင်းဆောင်များ၏ ခိုးရာပါပစ္စည်းများကို မြေလှန်ရှာမည့် စွဲမြဲသော သန္နိဌာန်က လက်တွေ့ သာဓကပြလိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန်ရှေ့နေချုပ် လောရတ်တာ လင့်ချ်ကလည်း ဤစီးနင်းမှုကို တရားဥပဒေစိုးမိုးမှု၏ သက်သေနှင့် ကိုရီးယားသမ္မတနိုင်ငံပြည်သူများ၏ အရေးကြီးသောအောင်ပွဲ တစ်ရပ်ဖြစ်သည်ဟု ခေါ်ဆို လိုက်သည်။

အမေရိကန်တရားရေးဌာန၏ ပြောကြားချက်အရ အက်ဖ်ဘီအိုင် ထောက်လှမ်းရေးများက ချွန်၏သားက Orange County အိမ်ခြံမြေတစ်ခုကို ရောင်းချမှုနှင့် ဆက်နွယ်နေသည့် ကယ်လီဖိုးနီးယား ဘဏ်စာရင်းထဲသို့ စီးဝင်လာသည့် ကန်ဒေါ်လာ ၇၂၆၉၅၁ကို ခြေရာခံမိခဲ့သည်ဟု ဆိုသည်။

ဒုတိယ ကန်ဒေါ်လာ ၅၀၀၀၀၀ကိုမူ ချွန်၏ အဂတိလိုက်စားသည့် အစီအစဉ်နှင့် ချိတ်ဆက်နေသည့် ပင်ဆယ်ဗေးနီးယားကုမ္ပဏီတစ်ခုသို့ စီးဝင်သွားကြောင်း ခြေရာခံတွေ့ရှိရသည်ဟု ဆိုသည်။  

ယခုအသက် ၈၄နှစ်ရှိပြီဖြစ်သည့် တောင်ကိုရီးယားသမ္မတဟောင်း ချွန်ဒူးဟွမ်က ၁၉၇၉ခုနှစ် ကာလရှည်စစ်အာဏာရှင် ပက်ချုံဟီးအား လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် အာဏာကို ချုပ်ကိုင်ထားခဲ့သည်။ အကြီးအကျယ်ခြစားမှုများဖြင့် တောင်ကိုရီးယား၏ ၈နှစ်တကာ ကသောင်းကနင်းကာလကို ဦးဆောင်သွားခဲ့သူပင် ဖြစ်သည်။

၁၉၉၇ခုနှစ်က တောင်ကိုရီးယား အထက်ရုံးတော်က အတည်ပြုခဲ့သည့် စီရင်ချက်တွင် ချွန်ကို ပုန်ကန်မှု၊ အဂတိလိုက်စားမှုများဖြင့် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ကန်ဒေါ်လာ ၂၁၂သန်း ပြန်ပေးရန်လည်း အမိန့်ချမှတ်ခဲ့သည်။

ယမန်နှစ်က ၎င်း၏မိသားစုပိုင် အနုပညာပစ္စည်းများကို ရောင်းချခဲ့သော်လည်း ချွန်အနေဖြင့် တိုင်းပြည်အပေါ်တင်နေသည့် အကြွေးကို ပြန်လည်ပေးဆပ်ရန်မှာမူ ဝေးကွာနေဆဲပင်ဖြစ်သည်။

ကွယ်လွန်သူအာဏာရှင် ပက်ချုံဟီး၏ သမီးတစ်ယောက်ဖြစ်သည့် သမ္မတ ပက်ဂွမ်ဟီးက ဒဏ်ငွေ၏ ကျန်အစိတ်အပိုင်းကို ပေးဆပ်ရန် ချွန်အား တွန်းအားမပေးသည့်အတွက် သူမ၏ရှေ့က သမ္မတအဆက်ဆက်ကို အပြစ်တင်ခဲ့သည်။ ချွန်၏သားဖြစ်သူနှင့် ၎င်း၏ယောက်ဖတော်စပ်သူတို့နှစ်ဦးကိုလည်း အခွန်ရှောင်မှုဖြင့် ယမန်နှစ်က ဆိုင်းငံ့ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly