နေပြည်တော်သို့လာရောက်သူတိုင်း ကွာရန်တင်းဝင်ရမည်

ရန်ကုန်၊ စက်တင်ဘာ ၂

COVID-19 ရောဂါဖြစ်ပွားရာမြို့နယ်မှ နေပြည်တော်သို့လာရောက်သူများ ကွာရန်တင်းဝင်ရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းသူက အတည်ပြုပြောဆိုသည်။  

 “နေပြည်တော်အဝင်ကို လူတိုင်း အစစ်ဆေးခံရပါမယ်။ လာခဲ့တဲ့မြို့နယ်များမှ နေခဲ့တဲ့ ရပ်ကွက်ထောက်ခံစာ လိုပါတယ်။ နေချင်းပြန်လည်းလိုပါတယ်။ stay home ကြေညာထားတဲ့ ရခိုင်ပြည်နယ် မြို့နယ်အားလုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး ၇  မြို့နယ်ထဲမှာ ပါနေမယ်ဆိုရင် ကွာရန်တင်းဝင်ရပါမယ်”ဟု သူ၏လူမှုကွန်ယက်စာမျက်နှာတွင်လည်းရေးသားထားသည်။  

ရောဂါဖြစ်ပွားမှုရှိသောမြို့နယ်မှနေပြည်တော်သို့လာရောက်မည့်သူများအနေဖြင့် ကွာရန်တင်း တစ်ပတ်ဝင်ပြီး ငါးရက်အတွင်း COVID-19 ရောဂါရှိ၊ မရှိစစ်ဆေးရန် အာခေါင်တို့ဖတ်နမူနာယူပြီး ရောဂါမရှိဟု အဖြေရရှိမှသာ လုပ်ငန်းခွင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဟု စက်တင်ဘာ ၁ ရက်နေ့ရက်စွဲဖြင့် နေပြည်တော်ကောင်စီက ထုတ်ပြန်ထားသည်။  

ရောဂါပြန့်ပွားမှုမရှိသောမြို့နယ်များမှလာရောက်သူများအနေဖြင့် နေပြည်တော်ကောင်စီကသတ်မှတ်ထားတဲ့နေရာတွေမှာနေထိုင်စေပြီး  ရောက်ရှိသည့်နေ့ နောက်တစ်ရက်တွင် ဓာတ်ခွဲနမူနာယူပြီး ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိမှသာ လုပ်ငန်းခွင်ကိုဝင်ရောက်ခွင့်ရှိမည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေပြင်ပသို့ တာဝန်ဖြင့်ဖြစ်စေ၊ လူမှုရေးအရဖြစ်စေ ခရီးသွားလာရန်ရှိပါက ပြည်ထောင်စုဝန်ကြီးဌာနများက ထုတ်ပေးသည့် ခရီးသွားလာခွင့်အမိန့်၊ အထောက်အထား ပါမှသာ သွားလာခွင့်ပြုမည် ဖြစ်သည်။  

 နိုင်ငံ့ဝန်ထမ်းမဟုတ်ဘဲ  တိုင်းဒေသကြီးအသီးသီးမှ လာရောက်မည့်သူများ၊ နေပြည်တော်တွင်အခြေချနေထိုင်သူများက နေထိုင်ကြောင်းထောက်ခံစာ၊ မည်သည့်မြို့သို့သွားရောက်ခဲ့သည်ကို အထောက်အထားပြပြီး ၂၁ ရက် ကွာရန်တင်းဝင်ကာ အာခေါင်တို့ဖတ် နှစ်ကြိမ် စစ်ဆေးပြီးမှသာ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု သိရသည်။  

နေပြည်တော်သို့လာရောက်ရန် အကြောင်းကြားစာရရှိထားသော နိုင်ငံ့ဝန်ထမ်းများမှအပ ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး (သို့) Stay at homeသတ်မှတ်ထားသော မြို့နယ်များမှ လာရောက်သူများမှာ ဓါတ်ခွဲ စစ်ဆေးရာ တွင် ကုန်ကျမည့်စရိတ်များကို ကာယကံရှင်မှ ပေးဆောင်ရမည်ဟု သိရသည်။

 အဆိုပါကြေညာချက်ကို စက်တင်ဘာလ ၂ ရက်နေ့တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ငြင်းဆန်သူများ၊ နေရပ်လိမ်လည်ဖော်ပြသူများ၊ သွားခဲ့သည့်နေရာများကို မမှန်မကန်ဖြေသူများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅အရ အရေးယူမည် ဖြစ်သည်။

စက်တင်ဘာ ၂ ရက်နေ့အထိ အစိုးရ၏ထုတ်ပြန်ချက်များအရ ရန်ကုန်တွင်ခုနှစ်မြို့နယ်နှင့် ရခိုင်ပြည်နယ် တစ်ခုလုံးအား Stay at Home နေအိမ်တွင်သာနေထိုင်ရန် အစိုးရမှသတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly