ကမ္ဘောဒီးယား ခမာနီ အကျဉ်းထောင် အကြီးအကဲ အသက် ၇၇ နှစ်အရွယ်မှာ ကွယ်လွန်

By AFP
02 September 2020
ကမ္ဘောဒီးယား ခမာနီ အကျဉ်းထောင် အကြီးအကဲ အသက် ၇၇ နှစ်အရွယ်မှာ ကွယ်လွန်

စက်တင်ဘာ ၂

ကမ္ဘောဒီးယားနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ခမာနီအစိုးရလက်ထက်က နှိပ်စက်ညှဉ်းပန်းမှုတွေကို အဓိကလုပ်ဆောင်ခဲ့သူဖြစ်သလို စစ်ဆေးမေးမြန်းမှုဆိုင်ရာ အကြီးအကဲဟောင်းတစ်ဦး ဖြစ်တဲ့ Kaing Guek Eav ဟာ စက်တင်ဘာ ၂ ရက်အစောပိုင်းက ဖနွမ်းပင် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ၎င်းဟာ ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ် ရှိပြီ ဖြစ်ပါတယ်။

အမည်ပွား Duch လို့ သိကြတဲ့ Kaing Guek Eav ဟာ ခမာနီတို့ လက်ထက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Tuol Sleng အကျဉ်းထောင်ကို အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူသားတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှု နဲ့ Duch ကို ကုလကျောထောက်နောက်ခံပြု စစ်ရာဇဝတ်မှုဆိုင်ရာ ခုံရုံးတစ်ခုက စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

တနင်္လာနေ့ကတည်းက ဆေးရုံတက်နေခဲ့ရတဲ့ Duch ဟာ ညသန်းခေါင်ကျော်အချိန်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ခုံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ နက်သ် ဖီခထရာက ပြောပါတယ်။

Duch ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆေးရုံတက်လိုက် ဆင်းလိုက် လုပ်နေခဲ့ရပြီး အဆုတ်နဲ့ပတ်သက်လို့ ရောဂါဝေဒနာတစ်ခု ခံစားနေခဲ့ရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သင်္ချာဆရာဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Duch ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၅ ကနေ ၁၉၇၉ အထိ အုပ်ချုပ်ခဲ့တဲ့ ခမာနီအစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Duch ဟာ ဖနွမ်းပင် စာသင်ကျောင်းဟောင်းတစ်ခု ဖြစ်တဲ့ Tuol Sleng မှာ ထောင်ပေါင်းများစွာရှိတဲ့ ယောကျ်ား၊ မိန်းမ၊ ကလေးတွေအပေါ် နှိပ်စက်ညှဉ်းပန်းတာ၊ ဖြောင့်ချက်ပေးခိုင်းတာအပြင် လူ ၁၅,၀၀၀ လောက်ကို အနီးအနားမှာ ရှိတဲ့ “Killing Fields” လူသတ်ကွင်းမှာ သတ်ဖြတ်တာတွေကို ကြီးမှူးလုပ်ဆောင်ခဲ့ပါတယ်။

၎င်းဟာ ကမ္ဘောဒီးယားရှိ စစ်ရာဇဝတ် ခုံရုံးတစ်ခုရှေ့မှောက်မှာ စီရင်ချက်ချမှတ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ခမာနီအစိုးရရဲ့ ပထမဆုံးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သလို ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

အကျဉ်းထောင်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ခွင့်လွှတ်ပေးဖို့ Duch က ခုံရုံးရှေ့ ထွက်ဆိုစဉ်တုန်းက ပန်ကြားခဲ့သလို နောက်ပိုင်းမှာ သူဟာ ခမာနီအစိုးရရဲ့ အဆင့်မြင့်အဖွဲ့ဝင်မဟုတ်သလို အထက်အမိန့်အတိုင်း လိုက်လုပ်ခဲ့ရတာပါ ဆိုတဲ့အကြောင်းပြချက်ပေးပြီး အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly