ထိုင်းဝန်ကြီးချုပ်ဟောင်းယင်းလပ် ဆန်စီမံကိန်းကို ခုခံကာကွယ်သည့် အိတ်ဖွင့်ပေးစာ စစ်အစိုးရခေါင်းဆောင်ထံပို့

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်းလပ် ဆန်စီမံကိန်းကို ခုခံကာကွယ်သည့် အိတ်ဖွင့်ပေးစာ စစ်အစိုးရခေါင်းဆောင်ထံပို့

ဘန်ကောက်၊ နိုဝင်ဘာ-၁၁ ။            ။ ကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး သူမကို ၁၀နှစ်နှင့်အထက် ထောင်ချနိုင်သည့် ဆန် အမတော်ကြေးကိစ္စနှင့် ပတ်သက်သော အမှုတစ်ခုတွင် သူမ၏ အနေအထားကို ကာကွယ်သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖြုတ်ချဖယ်ရှားခံရသည့် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာက စစ်အစိုးရခေါင်းဆောင် ပရာယွတ် ချန်းအိုချာထံသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သည့် ယင်းလပ်မှာ ၂၀၁၁ခုနှစ်က တောင်ပြိုကမ်းပြိုအနိုင်ရပြီး သူမကို အာဏာရလာစေခဲ့သည့် ရွေးကောက်ပွဲပေါ်လစီတစ်ခုဖြစ်သော ဆန်အစီအစဉ်ကို သူမ၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး အထက်ရုံးတော်တွင် ရာဇဝတ်မှုစွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

စစ်တပ်ကခန့်ထားသည့် ဥပဒေအဖွဲ့က ဆန်အစီအစဉ်ကို တလွဲစီမံခန့်ခွဲမှုအတွက် သူမတွင် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ဇန်နဝါရီလတွင် ယင်းလပ်အား နိုင်ငံရေးလုပ်ခွင့် ၅နှစ် ပိတ်ပင်ထားခဲ့သည်။

ဖေ့စ်ဘုတ်တွင် ပို့စ်တင်လာသည့် စာထဲတွင် ရှေ့နေချုပ်က ရည်ရွယ်ချက်ရှိရှိ အလောသုံးဆယ် သူမကို တရားစွဲလာခဲ့ခြင်းဖြစ်ပြီး ဆန်စီမံကိန်းကြောင့် ဆုံးရှုံးမှုပမာဏ အတိအကျကို ယခုအချိန်အထိ မသိရသေးကြောင်း ယင်းလပ်က ပြောကြားခဲ့သည်။

စစ်အစိုးရကမူ အဆိုပါစီမံကိန်းမှာ မသမာမှုများ တင်းကြမ်းပြည့်နှက်နေပြီး ကန်ဒေါ်လာ ၁၆ဘီလျံနီးပါး အရှုံးပေါ်ခဲ့သည်ဟု ဆိုသည်။ ကမ္ဘာ့ဆန်ဈေးနှုန်းကိုလည်း ပျက်စီးသွားစေခဲ့ပြီး ထိုင်းနိုင်ငံ၏ အိန္ဒိယသို့ ကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့သူ အနေအထားကိုလည်း ဆုံးရှုံးသွားစေခဲ့သည်ဟု ဆိုသည်။

စီမံကိန်းကို ရပ်ခံကာကွယ်နေခဲ့သည့် ယင်းလပ်ကမူ သူမကို စွဲချက်တင်ထားသည့် အမှုမှာ နောက်ထပ် ၁၅နှစ်အထိ သက်တမ်းကုန်သွားလိမ့်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

‘ကျမဟာ အပြစ်ကင်းတယ်ဆိုတာကို သက်သေပြဖို့ အသင့်ရှိနေပါတယ်။ အလောသုံးဆယ် အမှုစီရင်နေတာက ကျမရဲ့ အစွမ်းရှိသမျှ ခုခံချေပခွင့်ကို ကန့်သတ်နေပါတယ်။ ဒါဟာ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာပါ’ဟု ယင်းလပ်က ပြောကြားခဲ့သည်။

အထက်ရုံးတော်ကမူ ယင်းလပ်၏အမှုတွင် အထောက်အထားများနှင့် သက်သေများကို ၂၀၁၆ခုနှစ် နိုဝင်ဘာမတိုင်မီအထိ သုံးသပ်သွားမည်ဖြစ်ပြီး ကြားနာစစ်ဆေးမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း ပြောကြားခဲ့သည်။

လယ်သမားများထံမှ ပေါက်ဈေးထက်ပိုပေးပြီး ဝယ်ယူခဲ့သည့် ဆန်စီမံကိန်းကြောင့် ထိုင်းနိုင်ငံတွင် ဆန်တန်ချိန် ၁၃သန်းခန့် ပုံနေပြီး ယခုအချိန်အထိ အစိုးရမှာ ရွှေ့ပြောင်းရန် ရုန်းကန်နေရဆဲဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly