ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစီး (Mask ) တပ်ဆင်ရေး ကမ်ပိန်းတစ်ရပ်ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစီး (Mask ) တပ်ဆင်ရေး ကမ်ပိန်းတစ်ရပ်ပြုလုပ်မည်
Photo - AFP

စက်တင်ဘာ ၁ရက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် နှာခေါင်းစီး ( Mask ) တပ်ဆင်ရေး ကမ်ပိန်းတစ်ရပ်ကို စက်တင်ဘာ ၂ရက်နေ့တွင် ပြုလုပ်သွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောသည်။

"မနက်ဖြန်မှာ ကျွန်တော်တို့ mask ကမ်ပိန်းလုပ်ဖို့ရှိတယ်။ အဲ့ဒါ ထီးတန်းစျေးပေါ့။ ထီးတန်းစျေး ကြည့်မြင်တိုင်မှာ မနက်ပိုင်းစလုပ်မယ်။ သခင်မြပန်းခြံ YRTA ကားဂိတ်မှာ ဆောင်ရွက်မယ်။ အဲ့ဒါကတော့ တိုင်း၊ ခရိုင်၊ မြို့နယ်ပေါ့ ကျန်းမာရေးနဲ့ စည်ပင်တွေနဲ့ပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်" ဟု ဦးနိုင်ငံလင်းက ပြောသည်။

ရန်ကုန်တိုင်းတွင် Mask မတပ်ပါက အရေးယူသည့်လုပ်ငန်းစဉ်အား မေလမှ စတင်ကာ ဂျွန်လကုန်ပိုင်းအထိ အရေးယူမှုများဆောင်ရွက်ခဲ့ပြီး သြဂုတ် လကုန်ပိုင်းတွင် အဆိုပါအရေးယူမှုအား ပြန်လည်လုပ်ဆောင်လာသည် ကို  တွေ့ရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် သြဂုတ် ၂၆ရက်နေ့မှ သြဂုတ်၃၁ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅ဦးရှိပြီး သင်္ဃန်းကျွန်းမြို့နယ်မှ လူနာအမှတ် (၅၉၅)နှင့်ထိတွေ့ခဲ့သူ ၂၅ဦးနှင့် သာကေတမြို့နယ်မှ လူနာအမှတ် (၇၀၁)နှင့် ထိတွေ့ခဲ့သူ  ၃ဦးပါဝင်ပြီး ကွင်းဆက်ပြတ်လူနာ ၂၇ ဦးရှိသည်။

ရန်ကုန်တိုင်းက ကူးစက်ခံထားရသည့်လူနာ ၅၅ဦးတွင် အသက်၃၀အောက်မှာ ၂၀ဦးခန့်ရှိပြီး အသက်၃၀နှင့်အထက် ၃၅ဦးရှိကာ အမျိုးသမီး ၃၁ဦးနှင့် အမျိုးသား ၂၄ဦးတို့ဖြစ်သည်။  

လက်ရှိတွင် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ဆက်လက်စုံစမ်းနေကြောင်း သိရသည်။  

လက်ရှိတွေ့ရှိနေရသည့် ကိုရိုနာဗိုင်းရပ်စ် ပိုးသည် G614 မျိုးဗီဇဖြစ်ပြီး ယခင်ကကူးစက်ခံရသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ D614 မျိုးဗီဇဖြစ်ကာ မျိုးဗီဇပြောင်းလဲလာကြောင်း ဆေးသုတေသနဦးစီးဌာနထံမှ သိရသည်။

G614 မျိုးဗီဇသည် ရောဂါကူးစက်နိုင်မှု ဆယ်ဆအထိ ပိုမြန်ဆန်စေသည်။  

၎င်းကိုရိုနာဗိုင်းရပ်စ်ပိုး G614 မျိုးဗီဇသည် မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး G614 အမျိုးအစားအဖြစ် ပြောင်းလဲလာမည်ဆိုပါက ကိုဗစ်ဒုတိယလှိုင်း ဖြစ်နိုင်ချေပိုများစေကြောင်း ဆေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

ဖော်ပြပါ ၅ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅ဦးရှိပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၉ဦး၊ အင်းစိန်မြို့နယ်တွင် လေး ဦး၊ သာကေတမြို့နယ်တွင် လေး ဦး၊ ပုဇွန်တောင်မြို့နယ်တွင် သုံး ဦး၊ တောင်ဥက္ကလာပမြို့နယ်တွင် နှစ် ဦး၊ မင်္ဂလာဒုံမြို့နယ်တွင် နှစ် ဦး၊ ဗိုလ်တထောင်မြို့နယ်တွင် နှစ် ဦး၊ မရမ်းကုန်းမြို့နယ်တွင် နှစ် ဦး၊ ဒဂုံမြို့နယ်တွင် နှစ် ဦး၊ ကျောက်တံတားမြို့နယ်တွင် တစ် ဦး၊ မြောက်ဥက္ကလာပ မြို့နယ်တွင် တစ်ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်  တစ် ဦး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် တစ် ဦးနှင့် လှိုင်သာယာမြို့နယ်တွင် တစ် ဦးတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly