COVID-19 ကြောင့် စီးပွားရေး တိုးတက်အောင်လုပ်မှု အရှိန်မလျော့ရေး JICA က ယန်းငွေ သန်း ၃ သောင်းကို လျှော့ပေါ့နှုန်းနှင့် ချေးမည်

COVID-19 ကြောင့် စီးပွားရေး တိုးတက်အောင်လုပ်မှု အရှိန်မလျော့ရေး JICA က ယန်းငွေ သန်း ၃ သောင်းကို လျှော့ပေါ့နှုန်းနှင့် ချေးမည်
Photo - JICA Myanmar Office

စက်တင်ဘာ ၁

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုကို ကျော်လွှားနိုင်ရန် အားထုတ်ရာ၌ စီးပွားရေးဆိုင်ရာ တိုးတက်လုပ်ဆောင်မှုများ အရှိန်လျော့သွားခြင်း မရှိစေရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ဂျပန် ယန်းငွေ သန်းပေါင်း ၃ သောင်း (အမေရိကန် ဒေါ်လာ သန်း ၂၈၀ ခန့်) ကို လျှော့ပေါ့နှုန်းထားဖြင့် ထုတ်ချေးပေးမည် ဖြစ်သည်။

မြန်မာအစိုးရနှင့် JICA တို့သည် COVID-19 အကျပ်အတည်း တုံ့ပြန်ချက် အရေးပေါ် အထောက်အကူ ချေးငွေ (ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ချေးငွေ) သဘောတူညီချက်ကို နေပြည်တော်တွင် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်အပေါ် မူတည်၍ JICA က COVID-19 စီးပွားရေးပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့် ၎င်းနှင့်ဆက်နွယ်နေသည့် ရင်းနှီးမြှပ်နှံမှု/ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ငွေကြေးကဏ္ဍ ခိုင်မာစေရေးတို့ကို အထောက်အကူပြုရန် ယခုကဲ့သို့ ထုတ်ချေးခြင်းဖြစ်ကြောင်း JICA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CERP ၏ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ သန်း ၂ ထောင်ခန့် ကုန်ကျမည်ဖြစ်ရာ ယခု JICA ၏ ချေးငွေများအပြင် ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်ငွေနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများမှ ငွေကြေး အထောက်အကူများကို ဖြည့်စွက်ပေးမည် ဖြစ်သည်။

အရေးပေါ် အထောက်အကူပြုချေးငွေသည် ကာလတို အထောက်အကူပေးရန် အစီအစဉ်များအတွက် မရှိမဖြစ် လိုအပ်နေသော ငွေကြေးလိုအပ်ချက်ကို ဖြည်ဆည်းပေးရုံမက ဦးစားပေးအဆင့် သတ်မှတ်ချက်ဖြင့် စီးပွားရေးဆိုင်ရာ မူဝါဒပြုပြင် ပြောင်းလဲမှုများကို အားပေးခြင်းအားဖြင့် အရှိန်အဟုန်မပျက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး အခြေခံစေရမည်ဖြစ်ရာ JICA ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်များ၏ အထောက်အကူကိုလည်း အသုံးပြုနိုင်ကြောင်း JICA ၏ မြန်မာပြည်ရုံးမှ ဌာနေကိုယ်စားလှယ်ချုပ် မစ္စတာ ဆာကာကူရာ နိုရီဂျီက ထုတ်ပြန်ချက်တွင် ပြောထားသည်။

JICA သည် ပြီးခဲ့သည့် ဇွန်လက အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ဂျပန်ယန်းငွေ သန်းပေါင်း ၅ ထောင် ချေးငွေကို စတင်ထုတ်ချေးခဲ့ပြီး ယခုချေးငွေမှာ ဒုတိယအကြိမ် ငွေကြေး အထောက်အကူပေးမှု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly