WHO ဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်အတွက် အီးယူက ဒေါ်လာ ၄၇၆ သန်း ထောက်ပံ့

WHO ဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်အတွက် အီးယူက ဒေါ်လာ ၄၇၆ သန်း ထောက်ပံ့

 စက်တင်ဘာ ၁

ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူသွားမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်သော အစီအစဉ်တစ်ရပ်အပေါ် ငွေကြေးထည့်ဝင်ပေးသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်လိုက် သည်။

တချိန်တည်းမှာပင် ဂျာမနီသည်လည်း သဘောတူညီချက်တွင် ပူးပေါင်းပါဝင်ထားကြောင်း၊ အေဂျင်စီအနေဖြင့် အုပ်စုအဖွဲ့နှင့်အကြား ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း WHO က ပြောသည်။

ယခုအခါ WHO ဦးဆောင်သော COVAX facility အစီအစဉ်အတွက် ကန်ဒေါ်လာ ၄၇၆ သန်း ထောက်ပံ့ထည့်ဝင်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ WHO အစီအစဉ်ကနေ တဆင့် အီးယူနိုင်ငံများအနေဖြင့်ကာကွယ်ဆေး ရယူသွားမည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ခြင်း မရှိပေ။

“ဂျာမနီကလည်း ဒီကနေ့မှာပဲ COVAX facility မှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်၊ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကျန်တဲ့ အီးယူအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးနေပါတယ်၊ ကျွန်တော်တို့ စစ်ဆေးလေ့လာနေတဲ့ ဖြစ်နိုင်ခြေတစ်ခုက အီးယူအဖွဲ့ဝင်တွေအတွက် အုပ်စုတစ်ခုအနေနဲ့ ပူးပေါင်းဖို့ ဖြစ်ပါတယ်၊ ဒီကပ်ရောဂါကို အဆုံးသတ်သွားနိုင်မယ့် အကောင်းဆုံးနည်းလမ်းက စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တစ်သားတည်းဖြစ်မှုတို့ကနေတဆင့် လုပ်သွားဖို့ပဲလို့ ကျွန်တော် ထင်ပါတယ်” ဟု WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောသည်။

COVAX initiative အစီအစဉ်၏ ရည်ရွယ်ချက်သည် ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထုတ်လုပ်သူများထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံကို ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဝယ်ယူသွားရန်ပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly