မဲဆွယ်မယ်ဆို အကြောင်းကြားရမယ်လို့ RCSS/SSA ကြေညာ

မဲဆွယ်မယ်ဆို အကြောင်းကြားရမယ်လို့ RCSS/SSA ကြေညာ

စက်တင်ဘာ ၁ရက်

RCSS ထိန်းချုပ်နယ်မြေအတွင်းမှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေလုပ်မယ်ဆိုရင် ကြိုတင်အကြောင်းကြား ရမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က စက်တင်ဘာ ၁ ရက်နေ့မှာထုတ်ပြန်ကြေ ညာလိုက်ပါတယ်။

နယ်မြေလုံခြုံရေးအခြေအနေအရ နိုင်ငံရေးပါတီတွေကို မေတ္တာရပ်ခံတာဖြစ်ပြီး မမျှော်မှန်းနိုင်တဲ့ စစ်ရေးအခြေ အနေတွေကြုံလာခဲ့သည်ရှိသော် ကူညီဆောင်ရွက်ပေးနိုင်ဖို့ အခုလိုထုတ်ပြန်ရတာလို့လည်း သိရပါတယ်။

“တစ်ခုခုဖြစ်လာခဲ့ရင် RCSS ထိန်းချုပ်နယ်မြေထဲမှာဖြစ်နေတယ်ဆိုတဲ့ဟာမျိုး မဖြစ်စေချင်လို့အဲ့လိုသဘောပါပဲ။ ဆိုလိုချင်တာက လုံခြုံရေးအရရော ပြီးတော့ သူတို့ရဲ့ လုပ်ငန်းအစဉ်ပြေချောမွေ့ရေးအတွက်ရောပေါ့” လို့ RCSS/ SSA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောပါတယ်။  

RCSS ရဲ့ထိန်းချုပ်နယ်မြေတွေဆိုတာဟာ ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကိုဆိုလိုပြီးတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဘက်က RCSS တပ်ဖွဲ့တွေရှိတဲ့နေရာတချို့လည်းပါဝင်တယ်လို့ သူကဆိုပါတယ်။

RCSS အနေနဲ့ အခုလိုထုတ်ပြန်ချက်မျိုးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ထုတ်ပြန်ခဲ့ဖူး ပေမယ့် ရွေးကောက်ပွဲဖြစ်စဉ်အပေါ် နှောက်ယှက်တာမျိုးတော့မရှိခဲ့ဘူးလို့ မိုင်းကိုင်မြို့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် စိုင်းပန်က ပြောပါတယ်။

“ မဲဆွယ်ကာလသတ်မှတ်ပြီဆိုရင်တော့ ကွင်းဆင်းတော့မယ်ဆိုရင်အကြောင်းကြားရမှာပေါ့။ အဲ့တာ ပြဿနာ မရှိပါဘူး။ ခါတိုင်းလည်းအဲ့လိုလုပ်နေကြပါ။ နယ်မြေအခြေအနေ အေးအေးချမ်းချမ်းပါပဲ။သူများလှုပ်ရှားမှုတွေကို သိချင်တဲ့သဘောပဲရှိမှာပါ” လို့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် စိုင်းပန် က ပြောပါတယ်။

ရွေးကောက်ပွဲဉပဒေနဲ့ COVID-19 စည်းကမ်းတွေနဲ့အညီ အကြောင်းမကြားဘဲ မဲဆွယ်တဲ့သူတွေရှိခဲ့ရင်လည်း ဘာမှနှောက်ယှက်မှာမဟုတ်ဘူးလို့ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အနေနဲ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပ ဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲကိုလည်း ထောက်ခံတာကြောင့် အကူအညီတွေပေးသွားမယ်လို့လဲ သူကဆိုပါတယ်။

ထိုင်းနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွယ်တိုင်းလျန်မှာ အခြေစိုက်တဲ့ RCSS/SSA ဟာ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှာ အစိုးရ နဲ့အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

အင်အားရှစ်ထောင်ကျော်ရှိတယ်လို့ ခန့်မှန်းရတဲ့ RCSS/SSA ဟာ ရှမ်းပြည်နယ် ကွန်ဟိန်း၊ မောက်မယ်၊ နမ့် ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မိုင်းပန်စတဲ့ ဒေသတွေမှာထိန်းချုပ်လှုပ်ရှားနေကြောင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာနေတဲ့ Myanmar Peace Monitor ရဲ့ ၂၀၁၅ ခုနှစ်စစ်တမ်းမှာဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly