ရွေးကောက်ပွဲမတိုင်ခင် အမုန်းစကားနှင့် ပဋိပက္ခ သွေးထိုးရေး ဖယ်ရှားမှု စွမ်းရည် တိုးမြှင့်နေကြောင်း Facebook ထုတ်ပြန်

By ဘုန်းမြင့်ဦး
01 September 2020
ရွေးကောက်ပွဲမတိုင်ခင် အမုန်းစကားနှင့် ပဋိပက္ခ သွေးထိုးရေး ဖယ်ရှားမှု စွမ်းရည် တိုးမြှင့်နေကြောင်း Facebook ထုတ်ပြန်

စက်တင်ဘာ၊  ၁  

၂၀၂၀ ပြည့်နှစ် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်ထားမှုများနှင့် ပတ်သက်ပြီး Facebook လူမှုကွန်ရက်က ဩဂုတ်လ ၃၁ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အရေးပါသော အဆင့်မြှင့်မှုများ ပြုလုပ်ထားရာတွင် အမုန်းစကားများနှင့် ပဋိပက္ခ လှုံ့ဆော်မှုများကို ရှာဖွေ၊ ဖယ်ရှားနိုင်စွမ်း တိုးမြှင့်နေခြင်း၊ အန္တရာယ်ရှိသော သတင်းမှားများ ပျံ့နှံ့မှုကို လျှော့ချရေး ဆက်လက်လုပ်ဆောင်မှု များ၊ မြန်မာနိုင်ငံတွင်း ပြည်သူ့အမြင်ကို ကြိုးကိုင်မည့် အစစ်အမှန်မဟုတ်သော ကွန်ရက်များကို ဖယ်ရှားခြင်းများ ပါဝင်ကြောင်း Facebook ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ထဲတွင် မဲဆန္ဒရှင်များကို အနှောင့်အယှက်ပေး၊ လွှမ်းမိုးချုပ်ကိုင်မည့် သတင်းမှားများ ဖယ်ရှားခြင်း၊ အမုန်းစကား တိုက်ဖျက်ရေး၊ မြန်မာနိုင်ငံတွင် လူမှုဆိုင်ရာကိစ္စများ၊ ရွေးကောက်ပွဲ သို့မဟုတ် နိုင်ငံရေးနှင့် ပတ်သက်သော ကြော်ငြာများကို နားလည်နိုင်ရေး ပိုမိုလွယ်ကူစေရန် လုပ်ဆောင်မှု၊ Facebook ရှိ Page များ ပိုမို ပွင့်လင်းမြင်သာရေး၊ သတင်းများ ပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ရေး၊ Messenger များကို forward လုပ် ပေးပို့မှု ကန့်သတ်ခြင်း၊ Third-party fact-checking ၊ ကြားဝင်စွက်ဖက်မှုများကို တားဆီးဟန့်တားရေးများနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားသည်။

၂၀၂၀ မြန်မာရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပရန် လျာထားသည်။ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၂၂ ဒသမ ၂ သန်းကျော်ရှိကြောင်း Internet World Stats ၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမုန်းစကား၊ သတင်းမှား၊ သွေးထိုးလှုံ့ဆော်မှုများကို ထိန်းချုပ်နိုင်ရန် လူမှုကွန်ရက် စောင့်ကြည့် ထိန်းကျောင်းရေးအဖွဲ့ (SMMT) ကို မြန်မာအစိုးရကလည်း အစိုးရရန်ပုံငွေဖြင့် ထူထောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly