သတင်းထောက် ၂ ဦး ကိုဗစ်-၁၉ သံသယဖြင့် ကျိုင်းတုံဆေးရုံတွင် ရောက်ရှိ

သတင်းထောက် ၂ ဦး ကိုဗစ်-၁၉ သံသယဖြင့် ကျိုင်းတုံဆေးရုံတွင် ရောက်ရှိ
ဓာတ်ပုံ - ( HHM ) ကျိုင်းတုံဆေးရုံကြီးနှင့် သီးသန့်စောင့်ကြည့်ခန်း

စက်တင်ဘာ ၁ရက်  

ရန်ကုန်မှ ရောက်ရှိလာသည့် Frontier Myanmar သတင်းဌာနမှ သတင်းထောက် နှစ်ဦးကိုဗစ်-၁၉ သံသယဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသနေကြောင်း အဆိုပါ သတင်းဌာနမှ တာဝန် ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ 

"သူ့ resultလည်းမထွက်သေးတော့ ဆေးရုံတင်ထားတယ်လောက်ပဲပြောချင်ပါတယ်" ဟု Frontier Myanmar မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

အဆိုပါသတင်းထောက် နှစ် ဦးသည် ဩဂုတ်လ ၃၁ ရက်တွင် အနံ့အသက်မရသဖြင့် ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးသို့ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ရောက်ရှိလာကြောင်း သိရသည်။  

"သူတို့ကတော့ ကျိုင်းတုံကို ရောက်နေတာ ဒီ ၂၉ရက်နေ့ထဲက ရောက်နေတယ်လို့ပြောပါတယ်။ ဟိုတယ်မှာတည်းတယ်ပြောတယ်။ မနေ့ကမှ သူတို့က အနံ့မရဘူးဆိုပြီး ဟိုတယ်တာဝန်ခံကို ပြောတော့ ဟိုတယ်တာဝန်ခံက ကျန်းမာရေးဌာနနဲ့ဆက်သွယ်ပြီး ဆေးရုံကိုလာပြကြတာပေါ့။ အခြေအနေကတော့ ကောင်းပါတယ်။ မနေ့က သူတို့ကို နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူပြီး ဒီနေ့လေယာဉ်နဲ့ ရန်ကုန်ပို့ပြီး စစ်မှာပါ"ဟု ကျိုင်းတုံ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာလှဌေးမင်းက ပြောသည်။  

၎င်း သတင်းထောက် နှစ် ဦးသည် ဩဂုတ်လ ၂၉ ရက်တွင် ရန်ကုန်မြို့မှ ကျိုင်းတုံမြို့သို့ လေကြောင်းခရီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ တောင်ကြီးလမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုကာ ကျိုင်းတုံမြို့နယ်အတွင်းရှိ တိုင်းရင်းသားများ၏ နေထိုင်မှုနှင့် ပက်သက်၍ ရိုက်ကူးရေးအစီအစဉ် ပြုလုပ်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

လက်ရှိတွင် ၎င်းတို့အား ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ သံသယလူနာများအား ထားရှိသည့် သီးသန့်ခန်းအဆောင်တွင် ထားရှိထားပြီး ၎င်းတို့ တည်းခိုခဲ့သည့် ဟိုတယ်ရှိ ဝန်ထမ်းများအား ဟိုတယ်တွင်သာ quarantine ထားရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly