ဘင်္ဂလားဒေ့ရှ်က ထိပ်တန်းခွဲထွက်ရေးခေါင်းဆောင်တစ်ဦးကို အိန္ဒိယသို့လွှဲပြောင်း

ဘင်္ဂလားဒေ့ရှ်က ထိပ်တန်းခွဲထွက်ရေးခေါင်းဆောင်တစ်ဦးကို အိန္ဒိယသို့လွှဲပြောင်း

ဂူဝါဟာတီ၊ နိုဝင်ဘာ ၁၁ ။            ။ ဘင်္ဂလားဒေ့ရှ်သည် စစ်သွေးကြွခွဲထွက်ရေး အုပ်စုတစ်ခု တည်ထောင်သူတစ်ဦးကို အိန္ဒိယသို့ နိုဝင်ဘာ ၁၁က လွှဲပြောင်းပေးခဲ့သည်ဟု ထောက်လှမ်းရေး သတင်းရင်းမြစ်များက ပြောသည်။ ထိုသူအား လွှဲပြောင်းပေးရေးအတွက် နယူဒေလီက တောင်းဆိုနေသည်မှာ နှစ်များစွာကြာမြင့်နေပြီဖြစ်သည်။.

အနပ်ပ်ချေတီယာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ကျော်ကတည်းက United Liberation Front of Asom (ULFA)အဖွဲ့ကို တည်ထောင်ခဲ့ပြီး နိုင်ငံတွင်း တရားမဝင်နေထိုင်မှု၊ နိုင်ငံခြားငွေများ တရားမဝင်ပိုင်ဆိုင်မှုတို့ဖြင့် ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သည့် ၁၈နှစ်တာကာလတွင် ထောင်ကျနေခဲ့သည်။

၎င်းသည် ခုနှစ်နှစ်ကြာထောင်ဒဏ်ပြီးဆုံးခဲ့သော်လည်း ဒါကာ၏ ဆင်ခြေဖုံးရှိ ထောင်တစ်ခုတွင် ထိန်းသိမ်းထားခဲ့သည်။ ၎င်းက ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခဲ့သည်။ ၎င်းအား အိန္ဒိယသို့လွှဲပြောင်းရေး သဘောတူညီချက်ရရန် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှာ ရုန်းကန်ခဲ့ရသည်။

"သူ့ကို ကျွန်တော်တို့ ထိန်းသိမ်းထားပါတယ်။ မကြာခင် အိန္ဒိယကို ခေါ်ဆောင်သွားမှာပါ"ဟု အိန္ဒိယအကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောသည်။

ULFA သည် အိန္ဒိယ၏ မတည်ငြိမ်သော အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားလျက်ရှိသည့် သူပုန်အုပ်စုများစွာအနက် အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယင်းဒေသတွင် လူမျိုးစုဒါဇင်များစွာ   နေထိုင်လျက်ရှိပြီး လူမျိုးစုအုပ်စုအများအပြားမှာ ပိုမိုသောကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ခွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လျက်ရှိသည်။

တစ်ချိန်က ဘင်္ဂလားဒေ့ရှ်အတွင်း နယ်စပ်တစ်လျှောက်တွင် အခြေစိုက်စခန်းအများအပြားရှိခဲ့သော ULFA သည် အာသံမှ သီးခြားပြည်နယ်ခွဲထွက်ခွင့် တောင်းဆိုနေခဲ့ပြီး နယူးဒေလီသည် ဒေသ၏ ဓါတ်သတ္တုနှင့် စိုက်ပျိုးရေးအရင်းအမြစ်များကို အဓမ္မလုယူနေသည်ဟု စွပ်စွဲလျက်ရှိသည်။

အိန္ဒိယ၏ အရှေ့မြောက်ဒေသတွင် တိုက်ခိုက်မှုများကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။ လက်နက်ကိုင်အုပ်စုအချို့လက်နက်ချ၍ အကြမ်းဖက်တိုက်ခိုက်မှုအချို့ လျော့ကျသော်လည်း နှစ်စဉ် လူရာပေါင်းများစွာ သေဆုံးနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly