ဖေ့စ်ဘုတ်ကို စွန့်လွှတ်လိုက်မှ ပိုမိုပျော်ရွှင်သောဘဝကို ရမည်ဟု သုတေသနတစ်ရပ်ကဆို

ဖေ့စ်ဘုတ်ကို စွန့်လွှတ်လိုက်မှ ပိုမိုပျော်ရွှင်သောဘဝကို ရမည်ဟု သုတေသနတစ်ရပ်ကဆို

ကိုပင်ဟေဂင်၊ နိုဝင်ဘာ-၁၁ ။             ။ အမြဲတမ်း မနာလိုဖြစ်နေရပါသလား။ တကယ်မရှိတဲ့ လူမှုဘဝကို ရနေပြီး အာရုံစိုက်ဖို့ ရုန်းကန်နေရပါသလား။ ဒါတွေအားလုံးဟာ ဖေ့စ်ဘုတ် (Facebook)ကြောင့် ဖြစ်နိုင်တယ်လို့ သင်ယုံကြည်ရင်တော့ လူမှုကွန်ရက်ကို ရက်သတ္တတစ်ပတ်လောက် မသုံးဘဲနေသူတွေဟာ သုံးသူများထက် ပိုမိုပျော်ရွှင်ရသည်ဟု သုတေသနတစ်ရပ်က သက်သေပြထားပါသည်။

ပျော်ရွှင်မှုသုတေသနအင်စတီကျု (Happiness Research Institute)က ပြုလုပ်သည့် သုတေသနတစ်ရပ်တွင် ဒိန်းမတ်မှ လူပေါင်း ၁၀၉၅ယောက်ကို တစ်ဝက်က ဖေ့စ်ဘုတ်ကို ဆက်လက်သုံးစွဲနေသူနှင့် ကျန်တစ်ဝက်က ဆက်မသုံးဘဲ ရပ်ထားလိုက်သူဟူ၍ အုပ်စုနှစ်စုခွဲပြီး စစ်တမ်းပြုစုခဲ့သည်။

‘အရွယ်စုံလူများစု အသုံးပြုနေတဲ့ လူမှုမီဒီယာဖြစ်နေတော့ ဖေ့စ်ဘုတ်ကိုပဲ အခြေပြုခဲ့တာပါ’ဟု HRI အမှုဆောင်ချုပ် မစ္စတာ မိုက် ဝီကင်းက အင်္ဂါနေ့က ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်တွင်   ပြောကြားခဲ့သည်။

ရက်သတ္တတစ်ပတ်အကြာတွင် ဖေ့စ်ဘုတ်ကို ဆက်မသုံးတော့သူများက ကိုယ့်ဘဝကိုယ် ပိုမိုကျေနပ်နှစ်သိမ့်လာကြောင်း ပြောကြားကြပြီး ဖေ့စ်ဘုတ်ကို ဆက်လက်သုံးစွဲနေသည့် ဒုတိယအုပ်စုမှ ၈၁ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက မသုံးစွဲတော့သည့် အုပ်စုမှ ၈၈ရာခိုင်နှုန်းမှာ ယခင်ကထက် ပိုမိုပျော်ရွှင်နေကြောင်း ပြောကြသည်ဟု ဆိုသည်။

မသုံးစွဲတော့သည့်အုပ်စုမှ ၈၄ရာခိုင်နှုန်းက ဘဝကို ကျေနပ်ပျော်ရွှင်နေကြောင်း ပြောကြရာတွင် သုံးစွဲသည့်အုပ်စုတွင်မူ ၇၅ရာခိုင်နှုန်းသာလျှင် ကျေနပ်ပျော်ရွှင်နေကြသည်ဟု ဆိုသည်။ တစ်ဖန် မသုံးစွဲသည့် အုပ်စုတွင် ၁၂ရာခိုင်နှုန်းကသာလျှင် ဘဝကို မကျေနပ်ကြောင်း ပြောကြရာတွင် သုံးစွဲသည့်အုပ်စုဘက်တွင်မူ ၂၀ရာခိုင်နှုန်းက ဘဝကို မကျေမနပ်ဖြစ်နေကြသည်ဟု ဆိုသည်။  

သုတေသနအပြီးတွင် ဖေ့စ်ဘုတ်ရှောင်ကြဉ်သူများမှာ ပိုမိုသာယာဝပြောသော လူမှုရေးဘဝကို ရရှိပြီး အာရုံစိုက်ရာတွင်လည်း အခက်အခဲ အနည်းအကျဉ်းသာ ရှိနေချိန်တွင် ဖေ့စ်ဘုတ်သုံးစွဲသည့် အခြားအုပ်စုတွင်မူ ထိုသို့သော ပြောင်းလဲမှုမျိုးကို မတွေ့ရချေ။

‘ကျနော်တို့ အမှန်တကယ် ဘာလိုအပ်နေလဲဆိုတာကို အာရုံစိုက်ရမယ့်အစား တခြားလူတွေမှာ ဘာတွေရှိနေလဲဆိုတာကို အာရုံစိုက်လေ့ရှိကြတယ်’’ဟု သုတေသီများက ပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူများမှာ မသုံးစွဲသူများထက် ၃၉ရာခိုင်နှုန်း လျော့နည်း၍သာ ပျော်ရွှင်နိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly