ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၂၅ သန်းကျော် ရှိလာ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၂၅ သန်းကျော် ရှိလာ

ဩဂုတ် ၃၁

အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အမြင့်မားဆုံး ဖြစ်နေပြီး ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေသည် ၂၅ သန်းကျော် ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်အရ သိရသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ချိန်မှစကာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့တစ်လွှား၌ သေဆုံးသူပေါင်း ၈၄၃၀၀၀ ကျော် ရှိပြီဖြစ်သည်။ အမေရိကန်သည် သေဆုံးမှု အများဆုံးဖြစ်နေပြီး အမေရိကန်၊ မက္ကဆီကိုနှင့် ဘရာဇီးနိုင်ငံတို့မှ သေဆုံးနှုန်းသည် ကမ္ဘာတစ်ဝန်းသေဆုံးနှုန်း၏ ၄၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်အရ သိရသည်။

ဇွန်လနှောင်းပိုင်းက COVID-19 ဖြစ်ပွားသူ ဦးရေသည် ၁၀ သန်းကျော် ရှိခဲ့ပြီး ဩဂုတ် ၁၀ ရက်အထိ သီတင်းပတ် ခြောက်ပတ်ကျော်အတွင်း သန်း ၂၀ ကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များက ဖော်ပြသည်။

“ဗိုင်းရပ်စ်က ကျွန်တော်တို့တွေနဲ့ ခဏတာ ရှိနေလိမ့်မယ်။ ကာကွယ်ဆေး မရှိလာခဲ့ရင် ဗိုင်းရပ်စ်ဟာ ကျွန်တော်တို့နဲ့ အချိန်နှစ်တွေများစွာ အတူရှိနေလိမ့်မယ်။”ဟု Pan American Health Organization မှ ညွှန်ကြားရေးမှူးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အမေရိကန်ဆိုင်ရာ ဒေသညွှန်ကြားရေးမှူး ကာရီဆာက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပြန်ဖွင့်တာဟာလည်း ဗိုင်းရပ်စ် တိုက်ဖျက်ရေးက ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။”ဟုလည်း ၎င်းက ဆိုသည်။

ဥရောပနိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် မကြာသေးခင်က တစ်ကျော့ပြန်ဖြစ်ပွားသည့် သတင်းများ တက်လာခဲ့သည်။ ဗိုင်းရပ်စ်က လူငယ်များကြားတွင် အလျင်အမြန် ကူးစက်ပျံ့နှံ့နေပြီး အစိုးရက တားဆီးနိုင်ရေး ကြိုးစားနေရသည်ဟု ပြင်သစ်ဝန်ကြီးချုပ် ဂျင်းကာစတက်ဇ်က ပြောသည်။

စပိန်နိုင်ငံသည် ဥရောပနိုင်ငံများကြား၌ ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ကာ ဇွန်လနှောင်းပိုင်းက လော့ဒေါင်းရုပ်သိမ်းပြီးနောက်ပိုင်း ကူးစက်ဖြစ်ပွားမှု ၄၄၀၀၀၀ ခန့်အထိ မြင့်တက်ခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆိုသည်။

ကမ္ဘာ့တွင် အဆိုးဆုံး ကူးစက်ဖြစ်ပွားနေသည့် အမေရိကန်နိုင်ငံမှာလည်း ကူးစက်မှုနှုန်း ကြီးထွားနေခြင်းကြောင့် ရုန်းကန်နေရသည်။ ပြီးခဲ့သည့် သီတင်းပတ်က တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၄၂၀၀၀ မျှရှိရာ ယခင် သီတင်းပတ်ကနှင့် နှိုင်းယှဉ်လျှင် ၃ ဒသမ ၀ ရာခိုငနှုန်းကျော် ကျဆင်းခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များကို CNBC သတင်းဌာန၏ စိစစ်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly