ရွေးကောက်ပွဲတွင် NLD၏ အောင်နိုင်မှုအပေါ် NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ ဂုဏ်ပြုကြိုဆို

ရွေးကောက်ပွဲတွင် NLD၏ အောင်နိုင်မှုအပေါ် NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ ဂုဏ်ပြုကြိုဆို

ချင်းမိုင်၊ နိုဝင်ဘာ ၁၁ ။           ။ တစ်နိုင်ငံလုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိမှု အပေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ဂုဏ်ပြုကြိုဆိုကြောင်း ပြောကြားလိုက်သည်။
 
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ ခေါင်းဆောင်များ၏ သုံးရက်ကြာ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် ကြေငြာချက်ထုတ်ပြန်၍ တိုင်းရင်းသားခေါင်းဆောင်များ ကပြောကြားလိုက်ခြင်း ဖြစ်သည်။
 
နိုဝင်ဘာလ ၈ ရက်က အထွေထွေရွေးကောက်ပွဲကြီးကို ငြိမ်းချမ်းစွာဖြင့် ကျင်းပနိုင်ခဲ့ခြင်းပေါ် ပြည်သူတစ်ရပ်လုံးနှင့်အတူ သက်ဆိုင်သူများအားကိုလည်းကောင်း၊ အနိုင်ရပါတီနှင့် အဖွဲ့အစည်း အသီးသီးတို့ကိုလည်းကောင်း ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွေးကောက်ပွဲမှာ ပြည်သူလူထုကတော့ ကျနော်တို့ အပြောင်းအလဲကို လိုချင်တဲ့ လူထုဟာ လူထုတော်လှန်ရေး တစ်ရပ်ကို ရွေးကောက်ပွဲပုံစံနဲ့ဆင်နွဲ့သွားတယ်လို့ ကျနော်တို့က ခံစားမိပါတယ်။ တနည်း အားဖြင့် ပြောရရင် ကျနော်တို့ လူထုဟာ ဒီမိုကရေစီနဲ့ ထိုက်သန်ကြောင်း ထပ်မံပြီး သက် သေပြခဲ့တာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တာကိုက ကျနော်တို့ တိုင်းပြည် ကျနော်တို့ ပြည်သူလုထုသည် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ဖက်ဒရယ် ပြည်ထောင် စုကို ထူထောင်နိုင်သောသူ များဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတင်လိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်”ဟု သဘာပတိ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌ ခွန်မြင့်ထွန်း ထိပ်သီးအစည်းအဝေး အပိတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်သည် ပြည်သူလူထု၏ ဆန္ဒပေါ်ထွက်လာမှုကို ကြိုဆိုကြောင်းနှင့် သက်ဆိုင်သူများအားလုံးကိုလည်း ဂုဏ်ပြုကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ခဲ့ခြင်းကြောင့် သမိုင်းတွင် ခါးတီးသည့် သင်ခန်းစာ ရှိခဲ့သဖြင့် ၎င်းသင်ခန်းစာအရ ယခု ပေါ်ထွက် လာသည့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို မဖြစ်မနေ အသိ အမှတ်ပြု၍ အကောင်အထည် ဖော်သွားလိမ့်မည်ဟု ယုံကြည်ထားကြောင်း သူက ပြောသည်။

ထိုရွေးကောက်ပွဲရလဒ်သည် ပြောင်းလဲလိုသော ပြည်သူလူထု၏ အပြောင်းအလဲဖြစ်ရန်အတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြည်လည်သင့်မြတ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောင်ရေး ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အနိုင်ရရှိထားသဖြင့် ၈ လေးလုံးအရေးတော်ပုံကြီး၏ အောင်ပွဲဟု မှတ်ယူကာ ၈ လေးလုံး ကျောင်းသားများ၏ ရည်မှန်းချက်အဖြင့် အောင်ပွဲဖြစ်သည်ဟု မှတ်ယူ၍ ဝမ်းသာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။

“အခုရွေးကောက်ပွဲမှာ NLD အောင်ပွဲကို ကျနော်တို့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အောင်ပွဲအနေနဲ့ ချီးကျူးချင်တယ်။ ကျနော်တို့ အင်မတန်မှ ဝမ်းသာတယ်။ NLD ဆိုတာ ၈ လေးလုံး အရေးတော်ပုံကြီးနဲ့ အတူပေါ်လာတဲ့ ကျနော်တို့ ကျောင်းသားတွေ။ ကျနော်တို့ ဘဝတခုလုံး ရုန်းကန်နေတဲ့ ဒီမိုကရေစီအရေးတော်ပုံရဲ့ အောင်ပွဲတစ်ခုအနေနဲ့ ကျနော်တို့ မှတ်ယူထားတာ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ အဲဒီကာလကတည်းက ကျနော်တို့မျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အောင်ပွဲဖြစ်တယ်လို့ပြောချင်တယ်။ ထို့အတွက်ကြောင့် အင်မတန်မှ ဝမ်းသာတယ်။ ကျနော်တဦးတည်း အနေနဲ့လည်း ဝမ်းသာတယ်”ဟု သူက ပြောသည်။

အလားတူ ပြည်သူလူထု၏ ဆန္ဒဖြင့် ရွေးကောက်ထားခြင်းဖြစ်၍ ပြည်သူလူထုနှင့်ထပ်တူ အမျိုးသမားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမှုအပေါ် လက်ခံရမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) မှ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ပြည်သူက ရွေးကောက်တာ။ ပြည်သူဆွေဆန္ဒနဲ့ရွေးကောက်တာဆိုတော့ ကျနော်တို့ကလည်း ပြည်သူတွေရဲ့ ရွေးကောက်မှုပေါ် လက်ခံရမှာဘဲ။ အဓိကတော့ အန်စီအေကို အကောင် အထည်ဖော်ဖို့ အတွက်တော့ လက်ရှိ အစိုးရနဲ့ရော။ အသစ်ဖွဲ့မဲ့အစိုးရနဲ့ရော ဆက်လက်ပြီး အကောင် အထည် ဖော်သွားဖို့ဘဲ ကျနေ်ာတို့တောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးကလည်း ပြုပြင်ပြောင်းလဲမှု အဓိက အချက်တချက်ဖြစ်တယ်။ လက်ရှိ အစိုးရနဲ့လက်မှတ်ထိုးထားတာ ဖြစ်တဲ့အတွက် နောက်တက်လာမဲ့ အစိုးရနဲ့လည်း ဆက်လက် အကောင်အထည်ဖော်သွားဖို့လိုအပ်တယ်လို့ မြင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြည်သူလူထု၏ စစ်မှန်သော ဆန္ဒဖြင့် ရွေးကောက်ပွဲ ရလဒ်အရ အစိုးရအဖွဲ့သစ်အနေဖြင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆက်လက်ပြီး အလေးထားဆောင်ရွက်သွားလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည် ထိုထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNLA-PC)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly