တရုတ်နှင့် ထိုင်းလေတပ်များ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မည်

တရုတ်နှင့် ထိုင်းလေတပ်များ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မည်

ပေကျင်း၊ နိုဝင်ဘာ-၁၁ ။               ။ စစ်တပ်ခေါင်းဆောင်သည့် ထိုင်းနိုင်ငံက ပေကျင်းနှင့် ဆက်ဆံရေးတိုးမြှင့်လာသည့် လက္ခဏာတစ်ခုအဖြစ် ယခုလတွင် တရုတ်နှင့် ထိုင်းလေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ရက်နေ့တွင် ပြောကြားခဲ့သည်။

‘လင်းယုန် စစ်ဆင်ရေး ၂၀၁၅’စစ်ရေးလေ့ကျင့်မှုကို ကိုရတ် ထိုင်းဘုရင့်လေတပ်စခန်းတွင် နိုဝင်ဘာလ ၁၂ရက်မှ ၃၀ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံ လေတပ်နှစ်ခုကြား အပြန်အလှန်နားလည်မှု တိုးလာဖို့ရယ်၊ တရုတ်နဲ့ထိုင်း လက်တွေ့ပူးပေါင်းမှု ပိုမိုနက်ရှိုင်းလာပြီး အပြန်အလှန် ချစ်ခင်ယုံကြည်မှု ပိုမိုမြင့်မားလာဖို့ပါ’ဟု ကြေညာချက်တွင် ပြောကြားထားသည်။

ရံခါ အကြမ်းဖက်မှုများရှိခဲ့သည့် လပေါင်းများစွာ လမ်းပေါ် ဆန္ဒပြပွဲများအပြီးတွင် လွန်ခဲ့သည့်နှစ်က စစ်တပ်ခေါင်းဆောင်သည့် အာဏာသိမ်းမှုက ထိုင်းနိုင်ငံ၏ အရွေးကောက်ခံအစိုးရကို ဖယ်ရှားပစ်ခဲ့သည်။ အာဏာသိမ်းမှုကို အနောက်နိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့ကြပြီး သံတမန်ဆက်ဆံရေးကိုလည်း အဆင့်ချခဲ့သော်လည်း စစ်တပ်အုပ်ချုပ်သူများကမူ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်ထံမှ ထောက်ခံမှုရရန်သာ ကြိုးစားနေခဲ့သည်။  

ထိုမှနောက်ပိုင်းတွင် အစဉ်အဆက် အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်ဖြစ်ခဲ့သည့် ထိုင်းနိုင်ငံမှာ အိမ်နီးချင်းများနှင့် ဆက်ဆံရေး တိုးတက်လာရန် ကြိုးပန်းလာခဲ့သည်။ ပေကျင်းက ချေးငွေ၊ အခြေခံအဆောက်အအုံများနှင့် ဒေသတွင်းတွင် သြဇာကို ဖြန့်ကျက်နေချိန်တွင် ထိုင်းနိုင်ငံက တရုတ်နှင့်ဆက်ဆံရေးကို အဆင့်မြှင့်လာခဲ့သည်။

တရုတ်က ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်းတို့နှင့် ရေပိုင်နက်အငြင်းပွားနေရာ တောင်တရုတ်ပင်လယ်တွင် ပိုင်ဆိုင်မှုခိုင်မာစေသည့် လုပ်ရပ်များကို တိုး၍လုပ်ဆောင်ခြင်းဖြင့် အရှေ့တောင်အာရှတစ်ခွင်ကို ခလောက်ဆန်နေသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့လည်း တက်ရောက်ခဲ့သည့် လွန်ခဲ့သည့် ရက်သတ္တပတ်က အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများညီလာခံတွင် ကိုယ်စားလှယ်များက   တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ သဘောမတူနိုင်ကြသောကြောင့် အပြီးသတ်ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly