NLD အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အသင့်ဖြစ်နေပြီဟု PSLF/TNLA ပြော

NLD အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အသင့်ဖြစ်နေပြီဟု PSLF/TNLA ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖွဲ့စည်းနိုင်သည်အထိ အနိုင် ရရှိမှုကို ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အစိုးရအသစ်နှင့် လက်တွဲ ပူးပေါင်းဖြေရှင်းရန် အဆင်သင့်ဖြစ်နေပြီဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA)က ပြောဆိုလိုက်သည်။

နိုင်ငံရေး ဖြေရှင်းရာတွင် အဓိကကကျသည့် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်း စစ်မီးကို အပြီးသတ်ကာ စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် နိုင်ငံရေး တွေ့ဆုံပွဲ စကားဝိုင်းတွင်NLD ပါတီ ဖွဲ့စည်းမည့် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဖြေရှင်းရန် အဆင်သင့်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်က ထုတ်ပြန်သည်။

“တိုင်းရင်းသား ပြည်သူလူထုတို့၏ ဆန္ဒမဲကို သိမ်းကျုံး ရယူနိုင်ခဲ့သော NLD ၏ သမိုင်းဝင် ပြည်သူ့ အောင်ပွဲကြီးအား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက လှိုက်လဲစွာ ကြိုဆိုပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို လက်တွေ့ ဦးဆောင် တည်ဆောက်နိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှု ခြေလှမ်းအဖြစ် ကြိုဆိုကြောင်းလည်း ပြောဆိုထားသည်။

NLD ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေငြာစာတမ်းတွင် ကတိပြုထားသည့် “တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲ နေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူ လူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုး တက်ရေး”ဟူသော ကတိများအတိုင်း အစိုးရတစ်ရပ် ဖွဲ့စည်းကာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု အထူးယုံကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags