ဂျက်ဘီဇို့က ဒေါ်လာ ၂၀၀ ဘီလီယံခန့်အထိ စံချိန်တင် ချမ်းသာလာ

ဂျက်ဘီဇို့က ဒေါ်လာ ၂၀၀ ဘီလီယံခန့်အထိ စံချိန်တင် ချမ်းသာလာ

ဩဂုတ် ၂၉

အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ချမ်းသာသော ပထမဆုံး လူပုဂ္ဂိုလ်အဖြစ် ဂျက်ဘီဇို့သည် သမိုင်းမှတ်တမ်းတင်ခါနီးလျက် ရှိပြီဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ၁၉၉၄ ခုနှစ်၌ ဂျက်ဘီဇို့ တည်ထောင်ပြီး အမှုဆောင်အရာရှိချုပ်အဖြစ် ဦးစီးနေသည့် အမေဇုံ၏ ရှယ်ယာများ ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခြင်းကြောင့် ဂျက်ဘီဇို့သည် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တိုးပွားကာ ချမ်းသာမှုက စံချိန်တင်အဖြစ် ဒေါ်လာ ၁၉၉ ဒသမ ၇ ဘီလီယံ ရှိလာခဲ့ခြင်း ဖြစ်သည်။

နည်းပညာကုမ္ပဏီကြီး အမေဇုံ၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားခြင်းကြောင့် ယခုကဲ့သို့ ဂျက်ဘီဇို့အနေဖြင့် ဝင်ငွေတိုးပွားခြင်း ဖြစ်သည်။

ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၆၈ ထရီလီယံရှိသော ယင်း ကုမ္ပဏီတွင် ၁၁ ဒသမ ၁ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံ ထည့်ဝင်ငွေ ရှိထားသူ ဂျက်ဘီဇို့က ပြီးခဲ့သည့် သီတင်းပတ်တွင် အသားတင်ချမ်းသာမှု ဒေါ်လာ ၁၉၇ ဒသမ ၈ ဘီလီယံရှိကြောင်း Forbes က ဖော်ပြခဲ့ပြီးနောက် ယခုတွင် ထပ်မံဝင်ငွေတိုးကာ ဒေါ်လာ ၂၀၀ ဘီလီယံနီးပါးအထိ ချမ်းသာလာခြင်းဖြစ်သည်။

Forbes ၏ ၁၉၈၂ ခုနှစ်မှစတင်ကာ မှတ်တမ်းကောက်ခဲ့သည့် ဘီလျှံနာသူဌေးကြီးများတွင် ဂျက်ဘီဇို့သည် အများဆုံး ပိုင်ဆိုင်ကြွယ်ဝသူလည်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဖေဖော်ဝါရီလလယ်မှစကာ စီးပွားရေး ယိမ်းယိုင်လာခဲ့သည့်ပြီးနောက်ပိုင်း လော့ဒေါင်းများကြောင့် အွန်လိုင်းဈေးဝယ်မှုများ မြင့်တက်လာခဲ့ခြင်းကြောင့် အမေဇုံ၏ ရှယ်ယာသည် ၅၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။

အမှန်ဆိုရင် ဂျက်ဘီဇို့အနေဖြင့် သမိုင်း၌ ကုန်ကျစရိတ်အကြီးဆုံး လင်မယားကွာရှင်းမှုသာ မရှိခဲ့လျှင် ဒေါ်လာ ၂၀၀ ဘီလီယံကျော် ချမ်းသာပြီး ဖြစ်မည် ဖြစ်သည်။ ဂျက်ဘီဇို့သည် ၂၅ နှစ်တာ လက်တွဲခဲ့သော အိမ်ထောင်ဖက်နှင့် ကွာရှင်းပြီး ၎င်း ပိုင်ဆိုင်သည့် အမေဇုံရှယ်ယာမှ လေးပုံတစ်ပုံကို ပေးအပ်ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly