မလေးရှားက ပြည်ပဧည့်သည်များအား လာမည့်နှစ်အထိ ပိတ်ထားမည် 

မလေးရှားက ပြည်ပဧည့်သည်များအား လာမည့်နှစ်အထိ ပိတ်ထားမည် 

 ဩဂုတ် ၂၇ 

 ကိုရိုနာဗိုင်းရပ်စ် လှိုင်း တစ်ကျော့ပြန်လာမည်ကို စိုးရိမ်ပူပန်မှုကြောင့် မလေးရှားနိုင်ငံအနေဖြင့် လာမည့်နှစ် ဒုတိယသုံးလပတ်အထိတိုင်အောင် နိုင်ငံတကာဧည့်သည်များကို ဝင်ခွင့်မပေးဘဲ ပိတ်ထားမည်ဖြစ်ကြောင်း ခရီးသွားကဏ္ဍဆိုင်ရာ တာဝန်ခံရသော ဝန်ကြီးဖြစ်သူက မကြာသေးသော အင်တာဗျူးတွင် ပြောသည်။ 
 
အစိုးရသည် ပထမအဆင့်အနေဖြင့် ဗိုင်းရပ်စ် ဘေးကင်းသည်ဟု ယူဆရသော နိုင်ငံများကို လက်ရှိ၌ စာရင်းပြုစုနေသည်ဟု ခရီးသွားလုပ်ငန်း၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီး နန်စီရှုခရီက ပြောသည်။ 
 
“ကျွန်မတို့အနေနဲ့ ဝင်ခွင့်ပြုနိုင်မယ့် နိုင်ငံတွေကို အရင်ဆုံး စာရင်းပြုစုနေပါတယ်။ ဒါပေမယ့် ဒီ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေ ဖြစ်နေတာကို ကျွန်မတို့ မြင်တွေ့နေရတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အစီအစဉ်ကို ပြန်ပြီး ရေးဆွဲရလိမ့်မယ်။”ဟု ၎င်းက Nikkei သို့ ပြောသည်။ 
 
လိုအပ်သည့် ခရီးသွားလာမှုများအတွက် မလေးရှားသည် စင်ကာပူနှင့် နယ်စပ်ကို ဩဂုတ် ၁၇ ရက်က စတင်ပြီး ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်ကာ ယင်းသည် ကောင်းမွန်သော ခြေလှမ်းတစ်လှမ်းပဲ ဖြစ်သည်ဟု နန်စီက ပြောသည်။  
 
တစ်ချိန်တည်းမှာပင် မလေးရှား အစိုးရအနေဖြင့် သတိထား စောင့်ကြည့်လျက် ရှိနေပြီး လူသေဆုံးစေနိုင်သော ယင်းဗိုင်းရပ်စ်မှ ပြည်သူများကို ကာကွယ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။ 
 
“အခုအချိန် ကျွန်မတို့ရဲ့ နယ်စပ်တွေကို ပြန်ဖွင့်တယ် ဆိုရင်တောင် နိုင်ငံအချို့က ဒါမျိုး ပြန်ဖွင့်ဖို့ မပြင်ဆင်ရသေးဘူး။ ဒါကြောင့် ခရီးသွားလာမှုတွေဆိုတာလည်း ဖြစ်မလာနိုင်သေးပါဘူး။”ဟု ၎င်းက ပြောသည်။ နိုင်ငံတွင်းက နိုင်ငံခြားမစ်ရှင်များနှင့်လည်း ဝန်ကြီးဌာနက ဆွေးနွေးပြောဆိုလျက်ရှိသည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 
 
နယ်စပ်များကို တိုး၍ ထပ်မံ မဖွင့်လှစ်ရန် မလေးရှား ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဟီရှမ်းအဒူလက်ရှ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောခဲ့သည်။ သို့သော် စိုးရိမ်မကြောင့်ကြရန်လည်း ၎င်းက ထပ်လောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly