လားရှိုးကြိုတင်မဲကိစ္စ ကော်မရှင် ဥက္ကဋ္ဌ ရှင်းလင်း

လားရှိုးကြိုတင်မဲကိစ္စ ကော်မရှင် ဥက္ကဋ္ဌ ရှင်းလင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၀ ။ ။ လားရှိုးတွင် အငြင်းပွားခံနေရသည့် ကြိုတင်မဲကိစ္စ၊ အနိုင်၊ အရှုံးရလာဒ် ထုတ်ပြန်ရန် နှောင့်နှေးနေသည့် ကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၁၀ရက်က ရှင်းလင်းခဲ့သည်။

နိုဝင်ဘာ ၁၀ရက် ၄နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်၌ ရွေးကောက်ပွဲတွင် ဖြစ်လာသည့် အငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းရေး ပုဂ္ဂိုလ် ဦးမြင့်နိုင်အပါအဝင် လေးဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သတင်းထောက်များက လားရှိုးကြိုတင်မဲကိစ္စများ မေးမြန်းခဲ့သည်။ ထိုစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လာရောက်ရှင်းလင်းခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ရှုတ်သိမ်းခဲ့သည်။

"ပြဿနာက ရှင်းရှင်းလေးပဲ မဲဆန္ဒပေးသူက သုံးထောင်ရှိတယ်။ ဘာကြောင့် မဲလက်မှတ်က တစ်သောင်းကျော်နေလဲ။ မဲဆန္ဒရှင်တစ်ဦးက အနည်းဆုံး သုံးစောင်ပေးရတယ်။ ပြည်သူ့လွှတ်တော်အတွက် တစ်စောင်ပေးရတယ်။ အမျိုးသားလွှတ်တော်အတွက် တစ်စောင်ပေးရတယ်။ တိုင်းဒေသကြီးအတွက် တစ်စောင်ပေးရတယ်။ တိုင်းရင်းသားအတွက် တစ်စောင်ပေးရတယ်။ ဒီအတွက်ကြောင့် လူသုံးထောင်က မဲတစ်သောင်းကျော်ဖြစ်နေတာ။ အဲ့ဒါကြောင့်ဒါသည် ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ ရပ်ပါမယ်။ လားရှိုးကိစ္စ မရှိတာရှိရင်မေး..မရှိရင် ပြီးပါပြီ"ဟုဆိုကာ ဦးတင်အေးက စင်ပေါ်မှ ဆင်းသွားခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်၌ "လားရှိုးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့သည့် ကြိုတင်မဲလက်မှတ်များကို ကန့်ကွက်ခြင်း ကိစ္စအား ဖြေရှင်းတင်ပြခြင်း"ဟုဆိုကာ ရှင်းလင်းသည့်စာများ ထုတ်ပြန်ကာ ကပ်ပေးခဲ့သည်။

လားရှိုးတွင် ကြိုတင်မဲပေးသည့် မဲဆန္ဒရှင် စုစုပေါင်း ၃၉၅၂ဦးရှိပြီး ပြည်သူ့လွှတ်တော်အတွက် ၃၉၅၀စောင်၊ အမျိုးသားလွှတ်တော်အတွက် ၃၉၃၀စောင်၊ ပြည်နယ်လွှတ်တော် (၁)အတွက် ၁၀၆၁စောင်၊ ပြည်နယ်လွှတ်တော် (၂)အတွက် ၂၈၇၂စောင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ၃၅၉၀စောင်၊ ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ၃၉စောင်၊ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ၅စောင်၊ လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ၁၁စောင် စုစုပေါင်း ၁၅၄၆၀စောင် ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၀ရက် ညနေပိုင်းတွင်မူ လားရှိုးတွင် မဲရလာဒ်များ ရေတွက်အပြီး ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အနိုင်ရရှိသွားပြီဖြစ်သည်။

ဒုတိယသမမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရရှိသည့် မဲအရေအတွက်မှာ ၃၀၉၀၉မဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးထွန်းရွှေရရှိသည့် မဲအရေအတွက်မှာ ၂၆၇၂၆ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags