ဘုရင်စနစ် ဝေဖန်သော group ကို ပိတ်ခိုင်းသည့် ထိုင်းအစိုးရအပေါ် ဥပဒေအရ ရင်ဆိုင်မည်ဟု Facebook ပြော 

ဘုရင်စနစ် ဝေဖန်သော group ကို ပိတ်ခိုင်းသည့် ထိုင်းအစိုးရအပေါ် ဥပဒေအရ ရင်ဆိုင်မည်ဟု Facebook ပြော 

သြဂုတ် ၂၅ 

ထိုင်းနိုင်ငံတွင် ဘုရင်နှင့်ပတ်သက်၍ ဝေဖန်ဆွေးနွေးသည့် အဖွဲ့ဝင် (member) တစ်သန်းရှိ facebook group ကြီးတစ်ခုကို အသုံးပြု၍မရအောင် ပိတ်ပင်ရန် ဖိအားပေးခံခဲ့ရပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ ထိုင်းအစိုးရကို ဥပဒေကြောင်းအရ စိန်ခေါ်ရင်ဆိုင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း Facebook က သြဂုတ် ၂၅ ရက်တွင် ပြောသည်။ 

“Royalist Marketplace” ဆိုသည့် group ကြီးတစ်ခုကို ထိုင်းနိုင်ငံအတွင်း အသုံးပြု၍ မရအောင် သြဂုတ် ၂၄ ရက်က အမေရိကန်ဆိုရှယ်မီဒီယာကုမ္ပဏီက ပိတ်ပင်ခဲ့သည်။ ယင်းမတိုင်ခင်က ဘုရင်စနစ်အပေါ် အသရေဖျက်သည်ဟု ယူဆရသော content များကို ဖြုတ်ချရန် ပျက်ကွက်မှုအတွက် facebook ကို တရားစွဲမည်ဟု ထိုင်းအစိုးရက ခြိမ်းခြောက်ခဲ့၍ ယင်း group ကို ပိတ်လိုက်ရခြင်းဖြစ်သည်။ 

“ဒီလိုမျိုး တောင်းဆိုချက်တွေက အတော်လေး ပြင်းထန်ပါတယ်၊ဒါက နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေကိုလည်း ချိုးဖောက်ရာ ကျပါတယ်၊ လူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်အပေါ်မှာလည်း ထိခိုက်မှု ဖြစ်စေပါတယ်” ဟု Facebook ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်သွားခဲ့သည်။ 

“အင်တာနက် အသုံးပြုသူအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်ခုခံဖို့ ကျွန်တော်တို့ လုပ်နေပါတယ်၊ ဒီ တောင်းဆိုချက်နဲ့ပတ်သက်လို့ တရားရေးလမ်းကြောင်းအရ စိန်ခေါ်သွားဖို့ ပြင်ဆင်နေပါပြီ” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ဥပဒေကြောင်းအရ မည်သို့မည်ပုံ ရင်ဆိုင်မည် ဆိုသည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားခြင်း မရှိပေ။ 

အပိတ်ခံရသည့် “Royalist Marketplace” group ကို ဘုရင်စနစ်ကို ဝေဖန်သူတစ်ဦးဖြစ်ပြီး ပြည်ပတွင် နေထိုင်သည့် ပါဗင် ချာချာဗယ်ပုန်ပန်က ပြီးခဲ့သည့် ဧပြီလတွင် ထောင်ထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly