ကပ်ရောဂါသတင်းအချက်အလက်ရရှိနိုင်ရန်အတွက် ရခိုင်နှင့် ချင်းတွင် မြန်နှုန်းမြင့်အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆို

ကပ်ရောဂါသတင်းအချက်အလက်ရရှိနိုင်ရန်အတွက် ရခိုင်နှင့် ချင်းတွင် မြန်နှုန်းမြင့်အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆို
Photo - EPA

ဩဂုတ်၊ ၂၂

COVID-19 ကပ်ရောဂါသတင်းအချက်အလက်ရရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြန်နှုန်းမြင့်အင်တာနက်ပြန်ဖွင့်ပေးရန် မြောက်ဦးလူငယ်များ အစည်းအရုံးက တောင်းဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့မနက်အထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါကူးစက်ခံရသူ ၄၅ ဦးအထိရှိလာပြီဖြစ်ပြီး စစ်တွေမြို့မှ ၄၄ ဦး၊ မြောက်ဦးမြို့မှ တစ်ဦးဖြစ်သည်။

 အင်တာနက် 2G စနစ်သာ ရရှိသည့်အတွက် ကပ်ရောဂါဆိုင်ရာသတင်းအချက်များကို အချိန်နှင့် တပြေးညီသိရှိနိုင်ရေး အခက်အခဲကြုံနေရသည့်အတွက် ယခင် 4G စနစ်ပြန်ဖွင့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း မြောက်ဦးလူငယ်များအစည်းအရုံးမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုမိုးဇော်မြင့်က မဇ္ဈိမကို ပြောသည်။

“မြောက်ဦးမှာ ရောဂါပိုးရှိတဲ့သူတစ်ယောက်တွေ့ထားတယ်ဆိုတာတောင် အများစုမသိတဲ့သူတွေ ရှိတယ်။ အထူးသဖြင့် နယ်မှာပေါ့။ မြို့ပေါ်မှာလည်း မသိတဲ့သူတွေရှိတယ်။ ဒီလိုအရေးပေါ်ဖြစ်နေတဲ့ ကာလမှာ အရေးပေါ် အချက်အလက်တွေမသိတော့ မသွားသင့်တဲ့နေရာသွားတာ။ သတင်းအချက်အလက်မသိတဲ့အခါ ကိုဗစ်က ပျံ့နှံ့မှု ပိုမြန်ဆန်သွားရင် ပြည်သူလူထုအတွက် အရမ်းအန္တရာယ်ရှိပါတယ်။ အခု 2G အဆင့်ဖွင့်ပေးလိုက်တယ် ဆိုပေမယ့် မြောက်ဦးအပါအဝင်အခြားမြို့နယ်တွေလည်း အတူတူပဲ။ ဘယ်လိုမှ သုံးလို့မရဘူး။ အစိုးရအနေနဲ့ စာနာနားလည်ပေးဖို့ 2G ကို 4G အဆင့်မြှင့်တင်ပေးဖို့ တောင်းဆိုရတာပါ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အစိုးရက ပြန်လည်ဖွင့်ပေးထားသော 2G မှာ ယခင်အင်တာနက်ဖြတ်တောက်ထားသည့် အခြေအနေနှင့် မထူးမခြားနားသာဖြစ်ပြီး ကိုဗစ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ သိရှိရရေးအတွက် ရန်ကုန်နှင့် စစ်တွေမြို့ရှိ မိတ်ဆွေများကို ဖုန်းဆက်မေးမြန်းရသည်ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ဦးဇော်ထွန်းက “သတင်းတစ်ခုသိချင်ရင် စစ်တွေနဲ့ ရန်ကုန်မှာနေတဲ့ လူတွေကို ဖုန်းဆက်လှမ်းမေးရတယ်။ အဲ့လိုအခြေအနေပါ။ ဥပမာ မက်ဆင်ဂျာကနေ မက်ဆေ့တစ်ခုတောင် ပို့လို့မရတဲ့ အခြေအနေပါ 2G အင်တာနက် ကလေ။ ပို့စ်တစ်ခုတင်ဖို့ မဖြစ်နိုင်သလို။ နိုတီဖီကေးရှင်းတောင် မတက်ဘူး။ ဘာမှမထူးတဲ့ အခြေအနေပါ။ အင်တာနက်လုံးဝမရှိဘူးဆိုရင် လူတွေအသိပညာရဖို့နဲ့ ကြိုတင်ပြင်ဆင်ဖို့ အပိုင်းမှာ အများကြီးအားနည်းချက် ရှိမှာပါ ”ဟု ၎င်းက ပြောသည်။

အင်တာနက်ပြန်လည်ဖွင့်လှစ်ပေးရေး အကြိမ်ကြိမ်တောင်းဆိုမှုများပြုလုပ်သည့် စစ်တွေမြို့အခြေစိုက် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်ကလည်း မြန်နှုန်းမြင့်အင်တာနက်ပြန်ဖွင့်ပေးရေး ယခင်နှင့် မတူသည့် တောင်းဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကွန်ယက်မှ ကိုသန်းလှက ပြောသည်။

“ 2G က ဘာမှ လုပ်လို့ မရလို့ ပြန်တောင်းဆိုရတာပါ။ ကိုဗစ်ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ထုတ်ပြန်တဲ့ သတင်းတွေ၊ ပြန့်ပွားမှုနှုန်းတွေ၊ ဆက်စပ်လူနာတွေ ဒါတွေကို ကျောက်တော်တို့၊ မြောက်ဦးတို့၊ မင်းပြားတို့၊ ရသေ့တောင်တို့က လူတွေက စစ်တွေမှာရှိတဲ့ အင်တာနက်ရတဲ့လူတွေကို တစ်ဆင့် ဘာတွေဖြစ်နေပြီလဲ အဲ့လိုဖုန်းဆက်မေးရတယ်။ အခုအချိန်မှာ ကိုဗစ်ရော၊ စစ်ပွဲရောဖြစ်ပွားနေတာမှာ ဒါနဲ့ပတ်သက်ပြီး သတင်းတွေ ဘာမှ မရသေးဘူး။ 4G အင်တာနက်အထိ ရအောင်စီစဉ်ပေးဖို့က အရေးကြီးပါတယ်။ အိတ်ဖွင့်ပေးစာတွေပေးတယ်။ ပုံစံအမျိုးမျိုးနဲ့ တောင်းဆိုပေမယ့် မရသေးဘူးပေါ့။ နောက်ထပ်ပုံစံတစ်မျိုးနဲ့ တောင်းဆိုဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် လုံခြုံရေးအကြောင်းပြချက်ဖြင့်  ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝတို့တွင် ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က စတင်ပြီး အစိုးရက အင်တာနက်ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့တွင် အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့ပြီးနောက် ကျန်ရှိသည့် ရခိုင်ပြည်နယ် ၇ မြို့နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ယခင် 4G စနစ်အစား အင်တာနက်နှုန်းနှေးသည့် 2G စနစ်ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly