မြန်မာအစိုးရသစ်က စစ်တပ်ကို ထိန်းချုပ်နိုင်ပါ့မလား

မြန်မာအစိုးရသစ်က စစ်တပ်ကို ထိန်းချုပ်နိုင်ပါ့မလား

ဝါရှင်တန်ပို့စ် ရန်ကုန်၊ နိုဝင်ဘာ-၁၁ ။             ။ နေမထွက်မီ နံနက် ၅နာရီခန့်ကပင် မြန်မာမဲဆန္ဒရှင်များမှာ ဆယ်စုနှစ်များစွာအတွင်း နိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲတွင် အသည်းကြားက မဲတစ်ပြားဖြင့် ပါဝင်နိုင်ရန်အတွက် ရန်ကုန်မဲရုံများတွင် တန်းစီနေကြသည်။

အဓိကပြိုင်ဘက်နှစ်ဦးမှာ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားလိုနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ပင် ဖြစ်သည်။

နိုင်ငံက ကြည်ညိုလေးစားသည့် ဒီမိုကရေစီ၏ သင်္ကေတ နိုဘဲငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLDက ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု မျှော်လင့်ထားပြီး ယခုအချိန်အထိ ရလဒ်များကို အတည်မပြုနိုင်သေးသော်လည်း NLDက တောင်ပြိုကမ်းပြို အနိုင်ရနေသည်။

နောက်သမ္မတကို ရွေးကောက်နိုင်လောက်အောင် လုံလောက်သည်ထက်ပင် ကျော်လွန်သည့် ပါလီမန်အမတ်နေရာ ၇၀ရာခိုင်နှုန်းကို အနိုင်ရနေပြီဖြစ်ကြောင်း ပါတီက အခိုင်အမာ ပြောကြားနေသည်။

တနင်္လာနေ့ကမူ အာဏာရ USDPက ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သည်။ ‘ကျနော်တို့ ရှုံးပါပြီ။ ကျနော်တို့ ဘာ့ကြောင့် ရှုံးသလဲဆိုတာကို အဖြေရှာရမယ်။ ဒါပေမယ့်လည်း ရလဒ်ကို မကွယ်မထောင့် လက်ခံပါတယ်’ဟု USDP၏ ယာယီဥက္ကဌ ဦးဌေးဦးက ပြောကြားခဲ့သည်။

ဤရွေးကောက်ပွဲမှာ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက စတင်ခဲ့သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များထဲတွင် နောက်ဆုံး ခြေလှမ်းပင်ဖြစ်သည်။

ထိုနှစ်တွင်ပင် ဆယ်စုနှစ် ငါးခုနီးပါး အာဏာရှင်စနစ်က သယံဇာတကြွယ်ဝသည့် နိုင်ငံကို ကမ္ဘာပေါ်တွင် အထီးကျန်အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည့် မြန်မာစစ်အစိုးရက ဒီမိုကရေစီ အရပ်သားအစိုးရစနစ်သို့ စတင်ကူးပြောင်းပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး မထင်မှတ်သည့် ဂငယ်ကွေ့ အပြောင်းအလဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ပြောင်းလဲမှုမှာ အစိုးရ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကုလ စုံစမ်းရေးကော်မရှင်၏ စုံစမ်းမှုကို တားဆီးရန်ရည်ရွယ်သကဲ့သို့ နှစ်ပေါင်းများစွာ တရုတ်ကို မှီခိုနေရမှုမှ ရုန်းထွက်၍ အနောက်နှင့် စီးပွားရေးဆက်ဆံမှုများ ထူထောင်ရန်လည်း ရည်ရွယ်သည်။

ထိုနှစ်တွင်ပင် စစ်အစိုးရက မီဒီယာများကို တင်းကျပ်ကန့်သတ်မှုများ ဖြေလျော့ပေးခြင်း၊ နိုင်ငံရေးသမား ရာပေါင်းများစွာကို လွှွှတ်ပေးခြင်းနှင့် အလုပ်သမားသမဂ္ဂများနှင့် နိုင်ငံရေးစုရုံးပွဲများကို တရားဝင်ခွင့်ပြုခြင်းများဖြင့် ပြုပြင်ပြောင်းလဲမှုများကို စတင်အကောင်အထည်ဖော်လာခဲ့သည်။

အစိုးရမှာလည်း စစ်းဖက်မှ အရပ်ဖက်အုပ်ချုပ်ရေးသို့ ပြောင်းလဲလာခဲ့ရာ USDPသို့ အာဏာလွှဲပြောင်းပေးခဲ့သည်။ သို့ရာတွင် အမည်အရသာ အရပ်သားပါတီဖြစ်ပြီး ပါလီမန်တွင် စစ်တပ်၏ အကျိုးစီးပွားကို ကိုယ်စားပြုနေခဲ့သည်။ အရပ်သားအစိုးရလက်ထက်တွင် ပထမဆုံး နိုင်ငံအဝန်း ရွေးကောက်ပွဲများကို ၂၀၁၅ခုနှစ်တွင် ကျင်းပပေးမည်ဟုလည်း ကြေညာခဲ့သည်။  

ရွေးကောက်ပွဲနေ့ နေ့လယ်ခင်းတွင် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် NLD ကိုယ်စားလှယ်လောင်းဖြစ်သည့် ဦးတင့်လွင်မှာ ဂျပန်စားသောက်ဆိုင်တစ်ခုဖြစ်သည့် Osaka Osho တွင် နေ့လည်စာစားရန် ထိုင်နေခဲ့သည်။

သူ၏ တက်ကြွသည့် မဲဆွယ်စည်းရုံးရေးမန်နေဂျာ ကျော်ဝဏ္ဏ၊ မဲဆွယ်စည်းရုံးရေးကို အကူအညီပေးနေသည့် ဘုန်းကြီးလူထွက် တက်ကြွလှုပ်ရှားသူ ဦးကျော်မောင်တို့နှင့် အတူ ထိုင်နေခြင်းဖြစ်သည်။ သူတို့မှာ မြို့နယ်တစ်ခွင် နေရာ၆နေရာမှ စေတနာ့ဝန်ထမ်းများကို နေ့လည်စာများ လိုက်လံဝေငှနေရသောကြောင့် မောပန်းနေကြသည်။

ရန်ကုန်နေ့လယ်ခင်းမှုာလည်း ကြောက်စရာကောင်းလောက်အောင် ပူပြင်းလွန်းလှသည်။

သူတို့အုပ်စုမှာ ပင်ပန်းသော်လည်း အကောင်းမြင်စိတ်ဖြင့် တက်ကြွနေကြသည်။ ရန်ကုန်မှာ NLD၏ အမာခံနေရာဖြစ်သောကြောင့် နောက်ရက်အထိ နောက်ဆုံးရလဒ်များကို မထုတ်ပြန်သေးသော်လည်း တင့်လွင်အနိုင်ရလိမ့်မည်ဟု သူတို့က ခန့်မှန်းထားကြသည်။

သုံးယောက်စလုံးမှာ စစ်အစိုးရကို အာခံသည့်အတွက် စစ်တပ်အကျဉ်းထောင်များတွင် နှစ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရသူများပင် ဖြစ်သည်။ မဲဆွယ်စည်းရုံးရေးမန်နေဂျာ ကျော်ဝဏ္ဏဆိုလျှင် ၁၉၈၈ခုနှစ်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်မှုအတွက် ပြစ်ဒဏ်အနေဖြင့် ထောင်ကျခဲ့ရာ ဆယ်ပေပတ်လည်အကျဉ်းခန်းကလေးကို အခြားနှစ်ယောက်နှင့် ဝေမျှနေထိုင်ခဲ့ရသည ်။

‘အဲဒီတုန်းကတော့ ထောင်ဆိုတာ ဒီမိုကရေစီကို ယုံကြည်သူတွေအတွက် နေရာပဲ။ အခုတော့ပါလီမန်ပေါ့’’ဟု ကျော်ဝဏ္ဏက အရယ်တစ်ဝက်ဖြင့် ပြောသည်။ ယခုအခါ နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ကျော်မှာ လွှတ်တော်အမတ်လောင်းများ ဖြစ်နေကြသည်။

သို့ရာတွင် ကာလကြာမြင့်စွာ မျှော်လင့်စောင့်စားနေခဲ့ရသည့် ရွေးကောက်ပွဲမှာ အားနည်းချက်ကြီးတစ်ခုနှင့် ရောက်ရှိလာခဲ့သည်။ ဒီမိုကရေစီမဆန်သည့် ဥပဒေပုဒ်မ အမြောက်အများပါဝင်သည့် ၂၀၀၈ဖွဲ့စည်းပုံမှာ နဂိုနေမပျက်ယွင်းဘဲ ရှိနေသေးသည်။

သားသမီးဇနီးခင်ပွန်းများက တိုင်းခြားနိုင်ငံသားလက်မှတ်များ ကိုင်ဆောင်ထားသည့် နိုင်ငံရေးသမားများကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားရာ ဒေါ်အောင်ဆန်းစုကြည်မှာ ဗြိတိန်နိုင်ငံသားခံယူထားသည့် သားနှစ်ယောက်ရှိနေသောကြောင့် သမ္မတလုပ်ခွင့် မရှိပေ။

ထို့အပြင် မည်သည့်ပါတီက အာဏာရလာသည်ဖြစ်စေ သြဇာကြီးမားသည့် အစိုးရဌာနများဖြစ်သော ပြည်ထဲရေး၊ နယ်စပ်နှင့် စစ်ရေးများမှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်သာ ရှိနေမည်ဖြစ်ပြီး ၎င်းတို့၏ ဘက်ဂျက်မှာလည်း အရပ်သားအစိုးရ၏ စစ်ဆေးမှုမှ ကင်းလွတ်ခွင့်ရနေမည်ဖြစ်သည်။

စစ်တပ်၏ ထောက်ခံမှုမပါဘဲ ပြောင်းလဲ၍မရအောင် ဖွဲ့စည်းပုံကို ရေးဆွဲထားသည်။ ပါလီမန်တွင် အမတ်နေရာ ၂၅ရာခိုင်နှုန်းကို စစ်တပ်အရာရှိများအတွက် ချန်လှပ်ထားရရာ ပါလီမန်တွင် ၇၅ရာခိုင်နှုန်းကျော်က သဘောတူမှသာလျှင် ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်မည်ဖြစ်သည်။

ထို့အပြင် စကားလုံးမကွဲပြားသည့် ဥပဒေပုဒ်မတစ်ရပ်ကလည်း တိုင်းပြည်မတည်မငြိမ်ဖြစ်မည့် အန္တရာယ်ရှိပါက စစ်အုပ်ချုပ်ရေးကို ပြည်လည်ပြဌာနိုင်သယောင် စစ်တပ်ကို အာဏာအပ်နှင်းထားသေးသည်။

‘ဒါက အာဏာသိမ်းမှု ယန္တရားကြီးက အသင့်စောင့်နေတဲ့သဘောပေါ့’’ဟု လူ့အခွင့်အရေးစောင့်ကြည့်အုပ်စုမှ လက်ထောက်ညွှန်ကြားရေးမှူး ဖီးရောဘတ်ဆန်က ပြောသည်။

NLD ကိုယ်စားလှယ်လောင်းများကမူ ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်မှုက အရပ်သားအစိုးရက စစ်တပ်အပေါ် လွှမ်းမိုးနိုင်ရန် လမ်းခင်းပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ဒေါ်အောင်ဆန်းစုကြည်က ဤသို့ ကြေညာခဲ့သည်။ ‘ဖွဲ့စည်းပုံဆိုတာ ပြည်သူတွေက လုပ်ထားတာပါ။ ထာဝရမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ထောက်ခံမှုသာ ရှင်းလင်းပြတ်သားပြီး ခိုင်မာမယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်မှုလို ပြဿနာအသေးအဖွဲလေးတွေကို ဘာ့ကြောင့် မကျော်လွှားနိုင်ရမှာလဲ’’။

သို့ရာတွင် တက်ကြွလှုပ်ရှားသူများနှင့် ကျွမ်းကျင်သူများကမူ ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသည်ထက် ပိုမိုအရေးကြီးသည်ဟု စောဒကတက်ကြသည်။ တစ်ဖက်တွင် အံ့သြလောက်အောင် NLD တောင်ပြိုကမ်းပြို အနိုင်ရခြင်းဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ NLD အာဏာရလာခဲ့လျှင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒရှိသည့် အပြောင်းအလဲကို မဖန်တီးပေးနိုင်ခြင်းပင်ဖြစ်သည်။

NLD အစိုးရကို စစ်တပ်ဖွဲ့စည်းပုံအခြေခံဥပဒေက တုပ်နှောင်ထားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများအတွက် ရပ်ခံအရေးဆိုပေးနေသည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း Burma Campaign UK၏ ညွှန်ကြားရေးမှူး မာ့ခ် ဖာမန်နာက ပြောကြားသည်။

မဲပေးပြီးနောက်တစ်ရက်တွင် ဦးတင့်လွင်နှင့် ကျော်ဝဏ္ဏတို့၏ ခရိုင်မဲဆွယ်ရုံးသို့ ကျနော်သွားရောက်ခဲ့ရာ ထိုအချိန်တွင် ပုဇွန်တောင်မြို့နယ် NLD ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးမြင့်လွင်လည်း ရောက်ရှိနေသည်။

ဦးမြင့်လွင်မှာ ၎င်း၏ပြိုင်ဘက် USDPအမတ်လောင်းကို ၁၉၁၂၉မဲ-၁၈၆၆မဲဖြင့် အပြတ်အသတ်အနိုင်ရကြောင်း သတင်းကြားရသိခါစဖြစ်သည်။ ထိုနေ့တွင်မှ NLD တောင်ပြိုကမ်းပြိုအနိုင်မရခဲ့လျှင် ဒီမိုကရေစီမှာ မြန်မာပြည်နှင့် ဝေးသည်ထက်ပိုဝေးသွားလိမ့်မည်ဟူသည့်အချက်ကို အမတ်လောင်းအားလုံးက သဘောတူထားကြသည်။  

ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဦးမြင့်လွင်ကမူ ရွေးကောက်ခံအရာရှိများအနေဖြင့် စစ်တပ်ကို စစ်ဆေးဖို့ မဖြစ်နိုင်လောက်အောင် ဖွဲ့စည်းပုံက အတားအဆီးဖြစ်နေသည်ဟု ဝန်ခံအသိအမှတ်ပြုသည်။ ‘စစ်တပ်က အရပ်သားအစိုးရထက် ပိုပြီး သြဇာကြီးလာလိမ့်မယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံခြားရေးရာများ စီမံခန့်ခွဲရာတွင် စစ်တပ်ကို အရေးပါသော နေရာပေးထားမှုမှသည် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဟု စစ်တပ်က ယူဆသူများကို ရုံးမိန့်မပါဘဲ ဖမ်းဆီးနိုင်မှုနှင့် စစ်တပ်ကို အဓမ္မအလုပ်ခိုင်းစေခွင့်ပြုထားသည့် ပုဒ်မများအထိ ဖွဲ့စည်းပုံတွင် သူမြင်သမျှ ပြဿနာများကို ဦးမြင့်လွင်က ဆွဲထုတ်ပြသည်။

‘မျှော်လင့်နိုင်တာကတော့ ကျနော်တို့ လွှတ်တော်ထဲရောက်သွားရင် ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ ညှိယူနိုင်တာပေါ့’’ဟု ၎င်းက ပြောသည်။   

မဲဆွယ်ရေးမန်နေဂျာ ကျော်ဝဏ္ဏကမူ ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ သဘောတူလာအောင် အရပ်သားအစိုးရက စစ်တပ်ကို မက်လုံးပေးရလိမ့်မည်ဟု ပြောကြားသည်။

ပထမဆုံးမက်လုံးက စစ်တပ်ကို လက်စားမချေပါဟု ကတိပြုရလိမ့်မည်ဖြစ်ပြီး ဒုတိယမက်လုံးက အကျင့်ပျက်ခြစားမှု လျော့နည်းသွားလျှင် အရပ်သားအစိုးရလက်ထက်တွင် စစ်တပ်ကို ပိုပြီး မြန်မြန်ဆန်ဆန် ခေတ်မှီအောင်လုပ်နိုင်သည်ဟု ဆွဲဆောင်ရန်ပင်ဖြစ်သည်ဟုလည်း ကျော်ဝဏ္ဏက ပြောကြားသည်။

အလွန်ခက်ခဲသည့် အပေးအယူဖြစ်လိမ့်မည်ဟု ဖာမန်နာက ပြောသည်။ ‘အပြောင်းအလဲအတွက် NLDက ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တွန်းမှာ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့်လည်း စစ်တပ်က တစ်လက်မမှ ဆုတ်ပေးမယ့်သဘာမရှိပါဘူး’’ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly