ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် အလုပ်အကိုင် ၁ သန်း ဖန်တီးပေးရန် ရည်မှန်းချက် ချ

ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် အလုပ်အကိုင် ၁ သန်း ဖန်တီးပေးရန် ရည်မှန်းချက် ချ

ဩဂုတ် ၂၁

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကာလတစ်လျှောက် စီးပွားရေးကို ပဲ့ကိုင်ထိန်းမတ်မည့် လုပ်ငန်းစဉ် ကော်မတီသစ်က ခရီးသွားလုပ်ငန်းကို မြှင့်တင်ပြီး အလုပ်အကိုင် တစ်သန်း ဖန်တီးပေးမည့် လုပ်ငန်းစဉ်များကို ဗုဒ္ဓဟူးနေ့တွင် ကြေညာကာ အားကောင်းမောင်းသန် ခြေလှမ်းစ လှမ်းလာခဲ့သည်။

ယခုလအစောပိုင်းက ကက်ဘိနက် ပြန်လည်ဖွဲ့စည်းပြီးနောက် တည်ထောင်ခဲ့သည့် အဆိုပါ စီးပွားရေးလုပ်ငန်းစဉ်အဖွဲ့၏ ပထမဆုံး အစည်းအဝေးကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သဘာပတိမူပီး စီးပွားရေးဝန်ကြီးများ နှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ပြည်တွင်းခရီးသွားဧည့်သည်များအတွက် ထောက်ပံ့မှုများ တိုးမြှင့်ပေးရန်နှင့် ဘွဲ့ရလူငယ်သစ် လေးသိန်းအတွက် အလုပ်အကိုင်များ ရရှိနိုင်အောင် ဖန်တီးပေးရန် အစည်းအဝေး၌ သဘောတူခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီး ဆူပတ်တန်နာပေါင်က အစည်းအဝေးအပြီး ပြောသည်။

အစိုးရက ပြည်တွင်းခရီးသွားလုပ်ငန်းအား အားပေးမြှင့်တင်ရန် ငါးညမှ ဆယ်ည တည်းခိုစရိတ်အတွက် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးရန် စီစဉ်ထားသည်။ အဆိုပါ ခရီးသွားလုပ်ငန်း ထောက်ပံ့ကြေးကို အစိုးရက ဇူလိုင်လ လယ်တွင် စတင်ဆောင်ရွက်ခြင်း ဖြစ်သော်လည်း ထောက်ပံ့ကြေး ပေးနိုင်သော ခရီးသွားညပေါင်း ငါးသန်းတွင် ၆၆၀၀၀၀ ညတာအတွက်သာ စာရင်းတင် တောင်းခံလာခြင်း ရှိသေးသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံ၏ အခြား ဒေသများ၌ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများဖြင့် ထောက်ပံ့ကြေးများကို သိရှိအသုံးပြုရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ်သွားမည် ဖြစ်သည်။ ယခု လုပ်ငန်းစဉ်အစီအစဉ်များကို အတည်ပြုချက်ရရန် ဩဂုတ် ၂၅ ရက်၌ ကက်ဘိနက်သို့ တင်သွင်းမည် ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနကလည်း ကြီးထွားလာသော အလုပ်လက်မဲ့နှုန်းကို တိုက်ဖျက်ရန် မဝေးသည့် အနာဂတ်၌ အလုပ်အကိုင် တစ်သန်း ဖန်တီးပေးရန် ရည်မှန်းသည့် လုပ်ငန်းစဉ်များကို အဆိုပြုတင်ပြမည် ဖြစ်သည်။ အလုပ်သမားသစ် ငှားရမ်းခန့်အပ်ရန်နှင့် ရှိဆဲ အလုပ်သမားများကို အလုပ်ဆက်လက် ပေးထားရန် ကုမ္ပဏီများအား ရန်ပုံငွေ စိုက်ထူပေးခြင်းဖြင့် ဘွဲ့ရများအတွက် နောက်ထပ် အလုပ်အကိုင် လေးသိန်း ဖန်တီးပေးနိုင်ရေး အစိုးရက ဦးစားပေး အကောင်အထည်ဖော်နေကြောင်း ဒုတိယဝန်ကြီးချုပ် ဆူပတ်တန်နာပေါင်က ပြောခဲ့သည်။

အစိုးရသည် စီးပွားရေး စေ့ဆော်မှု ဘတ်ငွေ ၄၀၀ ဘီလီယံ ရန်ပုံငွေ ထူထောင်ကာ အခြား အလုပ်အကိုင် ဖန်တီးမှု စီမံကိန်းများကိုလည်း ဖော်ဆောင်သွားမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၌ ယခုနှစ် ဒုတိယသုံးလပတ်တွင် အလုပ်လက်မဲ့နှုန်း ၁ ဒသမ ၉၅ ရာခိုင်နှုန်း တိုးကာ လူပေါင်း ၇၄၅၀၀၀ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly