မဲရေတွက်မှုမှာ ပွင့်လင်းမြင်သာမှုရှိဟု အီးယူလေ့လာသူများချီးကျူး

မဲရေတွက်မှုမှာ ပွင့်လင်းမြင်သာမှုရှိဟု အီးယူလေ့လာသူများချီးကျူး

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ။              ။ နိုဝင်ဘာ၈က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများမှာ အများမျှော်လင့်ထားသည်ထက် ထူးခြားကောင်းမွန်သည့် ရွေးကောက်ပွဲ တစ်ခုဖြစ်ကြောင်း မဲပေးမှုနှင့် မဲရေတွက်မှုကို လေ့လာသည့် အီးယူတာဝန်ရှိသူများအဖွဲ့တစ်ခုက ချီးကျူးပြောကြားသည်။

ဆက်လက်ပြုလုပ်ပြီး ပြီးဆုံးရန် သီတင်းပတ်အနည်းငယ်ကြာနိုင်သည့် မဲရေတွက်ခြင်းမှာ ပွင့်လင်းမြင်သာမှုရှိသည်ဟု နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် နိုင်ငံတကာမီဒီယာများသို့ စောင့်ကြည့်လေ့လာမှုအကြီးအကဲ အလက်ဇန်ဒါဂရတ်လမ်စ်ဒေါဖ်က ပြောသည်။

အီးယူအဖွဲ့သည် မဲရေတွက်မှု၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် ဖြစ်ပေါ်လာသည့် မကျေနပ်မှုများကို လေ့လာရန် အီးယူအဖွဲ့သည် ဒီဇင်ဘာ ၂အထိမြန်မာနိုင်ငံတွင် ရှိနေမည်ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးကာလမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ သမိုင်းဝင်အဆင့်တစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲကို စနစ်တကျစီစဉ်ခဲ့ပြီး မဲဆန္ဒရှင်များဟာလည်း ကိုယ်စားလှယ်လောင်းတွေကြား အမှန်တကယ်ရွေးချယ်မှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

အနာဂါတ်မှာ အမှန်တကယ်စစ်မှန်တဲ့ ရွေးကောက်ပွဲတွေအတွက် အခြေခံဥပဒေဆိုင်ရာ၊ တရားရေးဆိုင်ရာနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ တိုးတက်မှုတွေတော့ လိုအပ်ပါလိမ့်မည်"ဟု မစ္စတာလမ်စ်ဒေါဖ်က ပြောကြားသည်။

မြန်မာရွေးကောက်ပွဲကော်မရှင်သည်လည်း ယေဘုယျအားဖြင့် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ လေ့လာခဲ့သည့် မဲရုံ ၅၀၀ကျော်အနက် ၉၅ ရာခိုင်နှုန်းက ကောင်းသည် သို့မဟုတ် အလွန်ကောင်းသည်ဟု ဆိုသည်။

အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံရှိသည် အီးယူသည် ရွေးကောက်ပွဲလေ့လာရန် လေ့လာသူ ၁၅၀ ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

"ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့အတွက် ကျွန်တော်တို့ ချီးကျူးပါတယ်။ ဒါဟာ ထူးခြားကောင်းမွန်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ယခင်က အများမျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန်ခဲ့ပါတယ်"ဟု ၎င်းကပြောသည်။

ချီးကျူးရမည့်သူများတွင် ရွေးကောက်ပွဲအရာရှိများလည်း ပါဝင်ပြီး ၎င်းတို့သည် နိုင်ငံတစ်ဝန်းပွင့်လင်းမြင်သာမှုရှိရေး ကူညီပေးခဲ့သည်ဟု အီးယူအဖွဲ့ကပြောသည်။ မဲရုံများတွင် ဝန်ထမ်းများအဖြစ် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း အီးယူအဖွဲ့က ချီးကျူးခဲ့သည်။

မဲပေးသည့်နေ့တွင် စစ်တပ် စခန်းများသို့ဝင်ရောက်ရာတွင်လည်း အခက်အခဲမရှိကြောင်း အီးယူအဖွဲ့က ပြောကြားခဲ့သည်။ "အစီအစဉ်ကျတဲ့ လုပ်ငန်းစဉ်တစ်ကို ကျွန်တော်တို့ အပြည့်အ၀၀င်ရောက်လေ့လာနိုင်ခဲ့ပါတယ်"ဟု ၎င်းအဖွဲ့ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly