တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေ၍ နိုင်ငံအနှံ့ သတိပေးချက် ထုတ်

တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေ၍ နိုင်ငံအနှံ့ သတိပေးချက် ထုတ်

 ဩဂုတ် ၂၀

တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က မတ်လအစောပိုင်းမှ စတင်ကာ အမြင့်ဆုံး တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားကြောင်း Channel News Asia သတင်းအရ သိရသည်။ 

ဆိုးလ်မြို့တော်၌ ကူးစက်ဖြစ်ပွားမှုသည် အရှိန်မြင့်မားပုံ ရှိနေကာ ထိုသို့ တစ်နေ့တာ အမြင့်ဆုံး ကူးစက်မှုကြောင့် နိုင်ငံတစ်ဝန်း ကူးစက်မှုလှိုင်း ကျရောက်မည်ကို သတိပေးချက်များ ထုတ်ထားသည်။ 

ပြီးခဲ့သည့် ကူးစက်ဖြစ်ပွားမှုများ၌ အရှိန်လျော့ပါးအောင် တားဆီးနိုင်ခဲ့သည့် တောင်ကိုရီးယားတွင် နေ့စဉ် ကူးစက်မှု ဂဏန်းသုံးလုံးရှိ ဦးရေ ခြောက်ရက်ဆက်တိုက်အဖြစ် ဗုဒ္ဓဟူးနေ့က လူ ၂၉၇ ဦး ကူးစက်ခဲ့သည်။ 

ထိုအတွက် တစ်နိုင်ငံလုံး စုစုပေါင်း ကူးစက်ဖြစ်ပွားသူ ဦးရေသည် ၁၆၀၅၈ ဦးရှိပြီး သေဆုံးသူမှာ ၃၀၉ ဦး ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။ 

အသစ်ကူးစက်မှု၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် မြို့တော် ဆိုးလ်နှင့် ပတ်ဝန်းကျင်အရပ်များတွင် ဖြစ်နေနိုင်ရာ လူဦးရေ ၂၅ သန်းကျော် နေထိုင်သည့် မြို့နယ်နမိတ်အတွင်း ဗိုင်းရပ်စ် တဟုန်ထိုး ကူးစက်လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်မားစေသည်။ 

“ဆိုးလ်မြို့တော်ဧရိယာအဝွင်းမှာ ဗိုင်းရပ်စ် ကူးစက်မှုဟာ ပျံ့နှံ့နေပြီး တစ်နိုင်ငံလုံး အကြီးစား ကူးစက်မှုကြီးဆီ ကူးပြောင်းသွားမယ့် ဆိုးဝါးပြင်းထန်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်အတွင်းမှာ ကျွန်တော်တို့ ရောက်နေပြီ။”ဟု ဒုတိယကျန်းမာရေးဝန်ကြီး ကင်ဂန်းလစ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 

“အစိုးရအနေနဲ့ ရောဂါကူးစက်မှုကို ခြေရာခံတာနဲ့ သီးခြားခွဲထားနေစေတာတွေကလွဲလို့ လက်ရှိ ကူးစက်ပျံ့နှံ့မှုကို မထိန်းနိုင်ဘူး ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး အပြင်မထွက်ကြဘဲ အိမ်မှာပဲ နေပေးကြပါ။”ဟု ၎င်းက ပြောသည်။ 

ယခု အသစ်ကူးစက်မှုတွင် အနည်းဆုံး ၁၄၀ မှာ ဆာရန်ဂျီးခရစ်ယာန်ဘုရားကျောင်းနှင့် ဆက်နွယ်လျက် ရှိကာ ယင်း ဘုရားကျောင်းမှ ကူးစက်မှုသည် ၆၀၀ နီးပါးသို့ ရောက်ရှိခြင်းပင် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly