တရုတ်သမ္မတ ရှီကျင့်ဖျင် ပါတီတွင်း ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရဟု အတွင်းလူတစ်ဦး ထုတ်ပြော 

By Guardian
19 August 2020
တရုတ်သမ္မတ ရှီကျင့်ဖျင် ပါတီတွင်း ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရဟု အတွင်းလူတစ်ဦး ထုတ်ပြော 

သြဂုတ် ၁၉ 

တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုပါတီ သင်တန်းကျောင်းမှ ပါမောက္ခဟောင်းတစ်ဦးက ကြုံတောင့်ကြုံခဲအဖြစ် သမ္မတ ရှီကျင့်ဖျင်ကို ပြစ်တင်ဝေဖန်သွားခဲ့ပြီး “၎င်းသည် နိုင်ငံကို သတ်နေသည်”ဟု စွပ်စွဲသွားခဲ့သည်။ ထို့ပြင် အာဏာရ ကွန်မြူနစ်ပါတီမှ ထွက်ချင်နေသူ အများအပြားရှိနေသည်ဟု အဆိုပါ ပါမောက္ခဟောင်းက ပြောသည်။ 

တရုတ်ထိပ်တန်းအရာရှိများအတွက် အဆင့်မြင့် သင်တန်းကျောင်းအဖွဲ့အစည်း ဖြစ်သည့် အဆိုပါကျောင်းတွင် သင်ကြားပေးခဲ့သော လူသိများသည့် ပါမောက္ခတစ်ဦးဖြစ်သည့် Cai Xia သည် သမ္မတ ရှီကို ဝေဖန်ပြစ်တင်ထားသည့် သူမ၏ အသံဖိုင်မှတ်ချက်စကားများ ဇွန်လတွင် အွန်လိုင်းပေါ် ပေါက်ကြားခဲ့ပြီးနောက် ပြီးခဲ့သည့် တနင်္လာနေ့က ပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။ ယခုအခါ သူမသည် တရုတ်တွင်လည်း ရှိမနေတော့ပေ။ ၁၉၉၂ ခုနှစ်နောက်ပိုင်းကတည်းက ပါတီကျောင်းတွင် ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းနေခဲ့သည့် Cai သည် နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်စေပြီး ကြီးလေးသည့် နိုင်ငံရေးပြဿနာများ ပြည့်လျှမ်းနေသည့် မှတ်ချက်စကားများ ပြောခဲ့သည်ဟု အဆိုပါသင်တန်းကျောင်းက ထုတ်ပြန်ခဲ့သည်။ 

Cai ကမူ သူမ ထုတ်ပယ်ခံရပြီးနောက် အင်္ဂလိပ်ဘာသာ မီဒီယာနှင့် ပထမဆုံးအင်တာဗျူး လုပ်ခဲ့ပြီး သူမ ယခုလို ထုတ်ပယ်ခံရမှုအပေါ် ဝမ်းမြောက်မိသည်ဟု the Guardian ကို ပြောသည်။ 

“ရှီ အစိုးရ လက်အောက်မှာ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်အတွက် တိုးတက်ဖို့ အင်အားတစ်ခု ဖြစ်မနေခဲ့ဘူး၊ တကယ်ဆို ပါတီက တရုတ်ရဲ့ တိုးတက်မှုအတွက် အတားအဆီးတစ်ခု ဖြစ်နေတယ်” ဟု သူမက ပြောသည်။ 

“ဒီ ပါတီကနေ ထွက်ဖို့ ဆန္ဒရှိနေတာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးလို့လည်း ကျွန်မယုံကြည်မိတယ်၊ အခြားလူတွေလည်း ဒီပါတီကနေ နုတ်ထွက်ချင်နေကြပါတယ်၊ ကျွန်မ ပြောချင်တာတွေ ပြောဖို့ အခွင့်အရေးမရတဲ့အချိန်၊ ကျွန်မရဲ့ ပြောစကားတွေ လုံးလုံးလျားလျား အပိတ်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ပါတီကနေ ထွက်ဖို့ ကျွန်မ ကြံရွယ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။ 

မော်စီတုန်း၊ ဟူကျင်တောင် နှင့် ယခု သမ္မတ ရှီ အထိ သင်တန်းကျောင်း အကြီးအကဲ တာဝန်ယူခဲ့သည့် အဆိုပါ ဗဟိုပါတီသင်တန်းကျောင်းတွင် နေရာတစ်နေရာ အခိုင်အမာ ရယူတာဝန်ထမ်းခဲ့သူတစ်ဦးထံမှ ယခုကဲ့သို့ မှတ်ချက်စကားများ ပေါ်ထွက်လာခဲ့ခြင်းက ထူးခြားသလို တရုတ်ခေါင်းဆောင်ပိုင်းအတွက်လည်း အန္တရာယ် ရှိဖွယ် ရှိနေသည်။ Cai သည် သမ္မတ ရှီကို ဝေဖန်မှုအတွက် အပြစ်ပေးခံရသည့် နောက်ဆုံးသော လူသိများသည့် ပညာတတ်တစ်ဦး ဖြစ်သည်။ 

သူမ၏ မှတ်ချက်အသံဖိုင် ပထမဆုံး ထုတ်လွှင့်ပြီးနောက်ပိုင်း Cai သည် ဇွန်လက Guardian နှင့် ကနဦး စကားပြောခဲ့သည်။ ယင်းအခိုက်အတန့်တွင်လည်း သူမသည် ရှီကို စွပ်စွဲရှုတ်ချမှု ထပ်လုပ်ခဲ့ပြီး တရုတ်ကို ကမ္ဘာကြီး၏ ရန်သူဖြစ်စေခြင်းအတွက် ရှီကို အပြစ်ဖို့ပြောဆိုခဲ့သည်။ ကွန်မြူနစ်ပါတီ အဖွဲ့အစည်းတစ်ခုအတွင်းမှ ထိုကဲ့သို့ လူသိရှင်ကြား ဝေဖန်မှုမျိုးက အင်မတန် ကြုံခဲလှသဖြင့် Cai ၏ ဝေဖန်စကားများက ပါတီနှင့် နိုင်ငံတစ်ဝန်းကို ဂယက်ရိုက်စေခဲ့သည်။ 

သူမသည် သူမကိုယ်တိုင်နှင့် မိသားစုအပေါ် အန္တရာယ်ကျရောက်နိုင်သဖြင့် ဇွန်လအင်တာဗျူးကို မထုတ်လွှင့်ရန် Cai က ကနဦးတွင် တောင်းဆိုခဲ့သည်။ အင်္ဂါနေ့တွင်မူ Cai က ယခုအခါ သူမသည် ပိုမို ဖွင့်ဟပြောဆိုလိုစိတ် ရှိနေပြီဟု ဆိုသည်။ “ကျွန်မ ခုဆို ပိုတောင် လွတ်လပ်သွားပါပြီ၊ ကျွန်မ ပြောစကားတွေက ကန့်သတ်ချုပ်ချယ်မှုအောက်ကနေ ကင်းလွတ်နေပါပြီ၊ ခုဆို ကျွန်မရဲ့ အသိစိတ်နဲ့ စည်းမျဉ်းတွေအတွက်ပဲ တာဝန်ရှိပါတော့တယ်” ဟု သူမက ပြောသည်။ 

ပါတီတွင်း၌ ကျယ်ပြန့်သည့် ဆန့်ကျင်မှု ရှိခဲ့ကြောင်း၊ သို့သော် အနည်းစုကသာ ဖွင့်ထုတ်ပြောရဲကြကြောင်း၊ ပါတီတွင်း စည်းကမ်းထိန်းသိမ်းမှုနှင့် ခြစားမှု စွဲချက်များ ပုံစံအောက်တွင် နိုင်ငံရေးအရ လက်တုံ့ပြန်ခံရမည်ကို ကြောက်ရွံ့မှုများ ရှိခဲ့ကြောင်း သူမက ပြောသည်။ ဤ ပတ်ဝန်းကျင်တွင် ရှီ၏ အတားအဆီးမရှိသည့် ပါဝါသြဇာနှင့် အဓိကကျသည့် ဆုံးဖြတ်ချက်ချမှတ်မှုများအပေါ် ချုပ်ကိုင်ထားခြင်းက ကိုဗစ်-၁၉ ကိုင်တွယ်မှုကဲ့သို့ အမှားအယွင်းများကို မလွဲမရှောင်သာ ဖြစ်စေခဲ့ကြောင်း Cai က ပြောသွားခဲ့သည်။ 

၀ူဟန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု သတင်းအချက်အလက် ဖုံးဖိခြင်းအပေါ် ဒေသတာဝန်ရှိသူများအပေါ် ပေကျင်းအစိုးရက အပြစ်တင်ခဲ့သည်။ ဗိုင်းရပ်စ်က ဒီဇင်ဘာတွင် ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း သီတင်းပတ်များအကြာတွင် ယင်းဗိုင်းရပ်စ်က ကူးစက်တတ်သည်ဟု ဇန်နဝါရီ ၂၀ တွင် တရုတ်ကျန်းမာရေးတာဝန်ရှိသူများက ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ပါတီမဂ္ဂဇင်း Qiushi က ထုတ်ပြန်သည့် မိန့်ခွန်းတစ်ခုအရ သမ္မတ ရှီသည် ဇန်နဝါရီ ၇ ရက်တွင် ပေါလစ်ဗျူရိုနှင့် တွေ့ဆုံပြီး လိုအပ်သည့် ဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်မှု ဆိုင်ရာ လမ်းညွန်ချက်များပေးခဲ့သည်ဟု ဆိုထားသည်။ ယင်းက အများပြည်သူကို သတိပေးမှုမတိုင်မီ သီတင်းပတ်နှစ်ပတ်နီးပါး စောနေသည်။ 

“သူက ဇန်နဝါရီ ၇ ရက်ကတည်းက ဒါကို သိနေခဲ့တယ်ဆိုရင် ဘာလို့ ဇန်နဝါရီ ၂၀ ကျမှ ဒီရောဂါဖြစ်ပွားမှုကို ကြေညာရတာလဲ၊ တနည်းအားဖြင့် ပြောရရင် လူတွေက သူ့ဆီက သတင်းကို ဖုံးကွယ်ထားခဲ့တယ်ဆိုတာက စနစ်ရဲ့ ရလဒ်ပဲလေ၊ ဒါပေမယ့် အခြေအနေနဲ့ပတ်သက်လို့ သူ ဇန်နဝါရီ ၇ ရက်မှာ သိခဲ့ချိန်မှာ သူဒါကို လူအများကို ထုတ်ပြောတာမျိုး မလုပ်ခဲ့သလို လိုအပ်တဲ့ အရင်းအမြစ်တွေ ဖြန့်ကြက်တာလည်း မလုပ်ခဲ့ပါဘူး၊ ဒီတော့ သူ တာဝန်မခံသင့်ဘူးလား” ဟု Cai က ပြောသည်။ 

ထို့ပြင် နိုင်ငံ၏ နိုင်ငံတကာ ဆိုင်ရာ ပြဿနာရပ်များနှင့်ပတ်သက်၍လည်း Cai က ရှီကို အပြစ်တင်ခဲ့သည်။ 

“သူ့ကို ဘယ်သူကမှ မဆန့်ကျင်နိုင်ဘူးဆိုရင် ဒါဟာ သူ့ပါဝါအာဏာဟာ အကန့်အသတ်မဲ့နေတာကို ပြသရာ ရောက်ပါတယ်၊ သူက ကမ္ဘာကိုလည်း ရန်သူအနေနဲ့ လုပ်ထားပါတယ်၊ ပြည်တွင်းမှာလည်း သူ ဆုံးဖြတ်ဖို့ ကျန်နေတဲ့ ဒီလို ကိစ္စအကြီးကြီးတွေ ရှိနေတယ်၊ တစ်နည်းပြောရရင် ပြည်တွင်းရေးပဲဖြစ်ဖြစ် နိုင်ငံတကာအရေးပဲဖြစ်ဖြစ် သူ့ကို ထိန်းချုပ်ကန့်သတ်ဖို့ ဆိုတာ အခြားသူတွေအတွက် အတော်လေး ခက်ခဲပါတယ်၊ ဒီတော့ သူ့ ဆုံးဖြတ်ချက်တွေ၊ အကဲဖြတ်တွေမှာ အမှားတွေ ဖြစ်ဖို့က မလွဲဧကန်ပါပဲ” ဟု Cai က ပြောသည်။ 

“ဒါက ဂျာအေး သူ့အမေရိုက်တဲ့အဖြစ်မျိုးပါ၊ ဆုံးဖြတ်ချက် အမှားတစ်ခု ချမိတဲ့အခါ ရလဒ်ကလည်း မကောင်းဘူးလေ၊ ဒါပေမယ့် အောက်မှာ ရှိနေတဲ့သူတွေကလည်း သူ့ကို ပြောပြဖို့ အတော်လေး ကြောက်နေကြရတော့ အခြေအနေတွေက မထိန်းနိုင်မသိမ်းနိုင် ရောက်တဲ့အထိ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေပဲ ဆက်ဖြစ်နေတာပေါ့၊ ဒီလို သံသရာအောက်မှာတော့ နိုင်ငံဟာ ဘေးဒုက္ခတစ်ခုဆီ ကျရောက်တာကို တားဆီးနိုင်မယ့် နည်း မရှိပါဘူး” ဟု သူမက ပြောသည်။ 

ပါတီတွင်း၌လည်း မကျေနပ်မှုများက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု ယုံကြည်မိကြောင်း Cai က ပြောသည်။ အထူးသဖြင့် သူမတို့ မျိုးဆက်များအကြားသာမက တိန်ရှောင့်ဖိန် လက်ထက် တရုတ်ပြုပြင်ပြောင်းလဲမှု ခေတ်အတွင်း ပါတီကို ရောက်လာခဲ့ကြသည့် အလယ်အလတ် လယ်ဗယ်နှင့် အဆင့်မြင့် လယ်ဗယ် တာဝန်ရှိသူများအကြား၊ နောက် ၂၀၀၁ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ ဝင်ရောက်ပြီး ကမ္ဘာ့စီးပွားရေးနှင့် အပြည့်အဝ ပေါင်းစည်းလိုက်ချိန်တွင် ပါတီသို့ ရောက်လာသူများအကြားတွင် မကျေနပ်မှုများ ရှိနေသည်ဟု Cai က ယုံကြည်နေသည်။ 

“ပါတီတွင်းမှာ ရှိနေသူတွေက ပြီးခဲ့တဲ့ နှစ် ၂၀ ၊ နှစ် ၃၀ ကာလတွေကို တွေ့ကြုံထားပြီးကြသူတွေလေ၊ ဒီတော့ ဘယ်လို ဦးတည်ချက်က မှန်တယ်၊ ဘယ်ဦးတည်ချက်က လမ်းဆုံးနေတယ်ဆိုတာကို သူတို့ နားလည်ကြပါတယ်၊ ကျွန်မတို့ဆို ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်မှုတွေ နောက်ပိုင်း ကျွန်မတို့ ရာထူး နေရာတွေကို စရောက်ခဲ့တဲ့ ပထမဆုံး လေ့ကျင့်ရေးအဖွဲ့သားတွေထဲမှာ ပါတယ်လေ၊ ဒီတော့ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို လူတိုင်း ရှင်းရှင်းလင်းလင်း သိနေကြတယ်လို့ပဲ ကျွန်မ ပြောချင်ပါတယ်” ဟု Cai က ပြောသည်။ 

“ကျွန်မ အထုတ်ခံလိုက်ရပြီ ဆိုတဲ့သတင်းကို တွေ့ခဲ့ကြတဲ့ ကျွန်မရဲ့ မိတ်ဆွေအများအပြားကလည်း ဒီအပေါ်မှာ အားပေးကြပါတယ်၊ ဒါက ကောင်းတဲ့ကိစ္စလို့ သူတို့ထင်ကြပါတယ်” ဟု Cai က အင်္ဂါနေ့တွင် ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly