NCA အခြေပြု ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ ဗမာ အခြေပြု Nation-States မေးခွန်း

NCA အခြေပြု ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ ဗမာ အခြေပြု Nation-States မေးခွန်း
ပုံ - JICM အစည်းအဝေးတွင် တွေ့ရသည့် ဒုတပ်ချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် (အတိုင်ပင်ခံရုံးဝက်ဆိုဒ်)

(က) State Nation သဘောတရား အခြေခံခဲ့ပေမယ့်

အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို စတင်ရေးဆွဲတုန်းက State-Nations သဘောတရားကို အခြေခံပြီးရေးဆွဲခဲ့တာဖြစ်ပေမယ့် အခု အစိုးရ ဒုတိယ သက်တမ်း ကျင့်သုံးတဲ့ အခါမှာ Nation- States သဘောဖြစ်ကုန်တာ တွေ့ရတယ်လို့ ယခင် အစိုးရ လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြံပေးတဦးက မကြာသေးခင်က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ဆွေးနွေးပွဲ တပွဲမှာ မှတ်ချက်ပြုခဲ့တယ်။
သူက နိုင်ငံတကာ တက္ကသိုလ်တွေမှာ လက်ထောက်ပါမောက္ခ ၊ တွဲဘက်ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သူ့ ဆိုလိုရင်းက ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးဘဲ နောက်ဆုတ်နေရတာဟာ ဒီ Nation- State အယူအဆ ကျင့်သုံး သွတ်သွင်းဖို့ ကြိုးစားမှုနဲ့ သက်ဆိုင်မလားဆိုတဲ့ သဘောမျိုး ထောက်ပြမှု အဖြစ် ကောက်ယူလို့ ရတဲ့ အနေအထားပါ။

(ခ) State- Nations နဲ့ Nation- States ဆိုတာ ဘာလဲ

ဒီနေရာမှာ  စတိတ်နေးရှင်း နဲ့ နေးရှင်းစတိတ် ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ် ရှင်းပြဖို့ လိုအပ်မယ်ထင်ပါတယ်။

အရင် အစိုးရလက်ထက်က မြန်မာကိုလာပြီး သရုပ်အမှတ်လက္ခဏာနိုင်ငံရေးနဲ့ အသွင်ကူးပြောင်းမှုကို လာလေ့လာဖူးတဲ့ အီဂေါဘလာဇီဗစ်ကတော့ State Nations ဆိုတာကို လူမျိုးစုံ ချစ်ကြည်ရင်းနှီးနိုင်ငံများ ဆိုပြီး ဖွင့်ဆို ဘာသာပြန်ခဲ့ဖူးပါတယ်။

စတိတ်နေးရှင်း ဆိုတဲ့ အယူအဆကို စတင် မိတ်ဆက်ခဲ့သူကတော့ ကွယ်လွန်သူ ပါမောက္ခ အဲဖရက် စတီပန်ပါ ။ အထူးသဖြင့်တော့ ယဉ်ကျေးမှု များပြားစုံလင်ပြီး နယ်မြေအလိုက် ယဉ်ကျေးမှု စုံလင်ကွဲပြားမှုကို အခြေခံတဲ့ နိုင်ငံရေးအရ ကွဲလွဲမှု ရှိတဲ့ နိုင်ငံတွေ ၊ တနည်းအားဖြင့် အမျိုးသားရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ကြွေးကြော် မှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ ကျင့်သုံးသင့်တဲ့ ၊ ကျင့်သုံးရမယ့် စနစ်အဖြစ် တင်စား ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နယ်နိမိတ် ပိုင်နက်အတွင်း ယဉ်ကျေးမှုတွေဟာ တထပ်တည်းကျရမယ်ဆိုတာ ခေတ်ဟောင်း နိုင်ငံရေးအတွေးအခေါ် သာ ဖြစ်တယ်လို့ အဲဖရက် စတီပန်က ဆိုတာပါ။ အထူးသဖြင့်တော့ လူမျိုးစုံ ၊ ဘာသာစုံရှိတဲ့ တည်ရှိမှုဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ရှိနေပြီး ခေတ်ဟောင်းနိုင်ငံရေး အတွေးအခေါ်အရဆိုရင် နိုင်ငံတခုအတွင်းမှာ ယဉ်ကျေးမှုချင်း တူညီတဲ့ လူမျိုးတမျိုးပဲ ရှိနေရမယ်ဆိုတာ ပါဝင်နေရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုလာတယ်လို့ အဲဖရက် စတီပန် နဲ့ ဟွမ်လင့်ဇ် တို့က အခိုင်အမာဆိုတာပါ။

အောင်မြင်သွားတဲ့ ဒီမိုကရေစီ နိုင်ငံတွေကို ပြန်ကြည့်ရင် လူမျိုးတမျိုးတည်း နေကြတာမဟုတ်တာတွေ့ရပြီး ၊ နိုင်ငံတနိုင်ငံ လူမျိုးတမျိုးဆိုတဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်တည်ကြတာ မဟုတ်ဘူးလို့ သူတို့က ညွှန်းဆိုပါတယ်။
ယဉ်းကျေးမှု အတော်အသင့် များပြားတဲ့ နိုင်ငံတွေကို သူတို့က အုပ်စု ၃ စု ခွဲခြားပြပါတယ်။

သူတို့ခွဲပြတဲ့ အုပ်စုတွေကတော့အုပ်စု (၁) ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များပြားတဲ့ နိုင်ငံတွေ ဖြစ်တယ်။ အဲဒီလို စုံလင်တဲ့အထဲမှာ တစ်ချို့ယဉ်ကျေးမှုရှိတဲ့ လူတွေကသီးခြားစုဖွဲ့နေထိုင်ကြတယ်။ သူတို့အတွက် ထင်ရှားတဲ့ အုပ်စု အသီးသီးက နိုင်ငံရေးမျက်နှာစာမှာ ပြောဆိုနေကြတယ်။ တစ်ချို့အမျိုးသားရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကို သုံးပြီး လွတ်လပ်ရေးဆိုတဲ့ အဆင့် အထိပြောဆိုနေကြပါတယ်။

အဲဒီအုပ်စုဝင်တွေကို Robustly Multinationalလူမှု့အဖွဲ့အစည်းတွေလို့ခေါ်ပြီး ကနေဒါက ကွီဘက်ပြည်နယ် ၊ စပိန်ကကာတလန်ပြည်နယ် တို့ပါဝင်သလို ဘယ်ဂျီယံကတော့ ဖလမ်းဒါးဒေသကြောင့်ပါဝင်ပါတယ်။ ပန်ဂျပ်ပြည်နယ်က ဆစ်ခ့်ခွဲထွက်လှုပ်ရှားမှု ၊မီဇိုခွဲထွက်ရေးနဲ့ အရှေ့မြောက်ပြည်နယ်ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့အိန္ဒိယနိုင်ငံကလည်း အဲဒီအုပ်စုထဲပါဝင်သွားပါတယ်။

ပုံ -    ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၇ ရက်က UPDJC အစည်းအဝေး ကျင်းပနေစဉ်။

  • အုပ်စု (၂) ။ ။ ယဉ်ကျေးမှုအရ အတော်လေးများပြားတဲ့တိုင်းပြည်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဘာသာစကားယဉ်ကျေးမှုအရ အုပ်စုတွေကနိုင်ငံရေးအရ ထင်ရှားပြီး နယ်မြေအလိုက် အုပ်စုဖွဲ့ စုဖွဲ့တာတွေလုပ်မနေကြပါ။ လွတ်လပ်ရေးတောင်းဆိုတာတွေလည်းလုပ်မနေကြပါ။ ဆွစ်ဇာလန် နဲ့အမေရိကန်လို နိုင်ငံတွေဖြစ်ပါတယ်။
  • အုပ်စု (၃)။ ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ တစ်မျိုးတည်းဖြစ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတာကြောင့် လူမျိုးတစ်မျိုးတည်းကတစ်နိုင်ငံလုံးကိုလွှမ်းမိုးထားတယ်လို့တောင် ပြောလို့ရပါတယ်။ အဓိကလူမျိုးကြီးနဲ့ အလားတူရပိုင်ခွင့်တွေတောင်းနေတဲ့ လူမျိုးတွေလည်းမရှိကြပါ။ ဂျပန် ၊ ပေါ်တူဂီနဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံအများစု ပါဝင်ပါတယ်။

 ပြင်သစ်နိုင်ငံကတော့ တစ်မျိုးတည်းကိုသာအခြေခံတဲ့ နေရှင်းစတိတ်ဖြစ်ပါတယ်။ ၁၉ ရာစု ပြင်သစ်တော်လှန်ရေးပြီးချိန်မှာ ယဉ်ကျေးမှုအရ ကောနိုင်ငံရေးအရပါ၊ အမှတ်သရုပ်လက္ခဏာ တစ်ခုတည်းရှိစေမဲ့တပြည်ထောင် အမျိုးသားနိုင်ငံ ( Unitary Nation State ) တည်ထောင်ဖို့စီမံခဲ့ပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ပတ်သက်လို့ မြန်မာမှာလိုပဲ တကယ့်ကို ကြောက်လန့်စရာ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုအဖြစ်ကို သတ်မှတ်ခဲ့ကြပါတယ်။ ဒေသအလိုက်ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပုံစံပေါ်လာအောင်ခွင့်ပြုပေးတာမျိုး မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံတစ်ဝှမ်းကကျောင်းတွေမှာတူညီတဲ့ သင်ရိုးညွှန်းတမ်းတွေပဲ သင်ကြားပေးပါတယ်။

ဒါပေမဲ့လူမျိုးတစ်မျိုးနဲ့ တစ်မျိုး နိမ့်ချစော်ကားမှုတွေ မပါသလိုလိုသလိုပုံသွင်းမှုတွေ မပါပါဘူး။ ဆရာတွေအားလုံးကိုလည်း ဗဟိုကနေပဲလေ့ကျင့်သင်ကြားပေး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသား လက္ခဏာ တစ်ခုတည်းဖြစ်လာအောင်နဲ့ ပေါင်းစည်းမှု သင်္ကေတအဖြစ် အားလုံးစစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပေးထားပါတယ်။

ဒါပေမဲ့ ပြင်သစ်မှာပြင်သစ်နိုင်ငံသားဖြစ်မှုအပေါ် ပြဋ္ဌာန်းချက်တွေအတိုင်း သာတူညီမျှခံစားခွင့်ရှိပါတယ်။ ပေါ်တူဂီ ၊ ဂျပန် ၊ ဆွီဒင်တို့လည်း အောင်မြင်တဲ့တပြည်ထောင် နေးရှင်းစတိတ်ဖြစ်သွားဖို့နီးစပ်သွားသလို ဂျာမန်သြစတြေးလျတို့လို ဖက်ဒရယ်နိုင်ငံတွေကလည်း နေရှင်းစတိတ်ဖြစ်ဖို့နီးစပ်သွားပါပြီ။

အမျိုးသားနိုင်ငံတစ်ခုကို တည်ထောင်နေတုန်း လူ့အဖွဲ့အစည်း အတွင်းခြားနားမှုတွေက နိုင်ငံသားတွေ အတွင်းသာ တူညီမျှရှိတယ်လို့ ခံစားရတာ ၊ အားလုံး သမိုင်းကြောင်းတူညီတယ်လို့ခံစားရရင် ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မနေဘူးလို့ အဲဖရက်စတီဖင်က ဆိုပါတယ်။

 ဒါပေမဲ့ဒီလိုအနေထားတွေက ရင့်ကျက်ခိုင်မာပြီးသားနိုင်ငံမှာပဲလွယ်လွယ် ကူကူကူးပြောင်းနိုင် တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀ ရာစုနောက်ပိုင်း ရောက်လာတဲ့အခါ အစိုးရမူဝါဒနဲ့ တပြည်ထောင် အမျိုးသားနိုင်ငံ တည်ထောင်ဖို့ ဆိုတဲ့ ကိစ္စတွေကအခက်အခဲတွေရှိလာ တယ်လို့ သူကဆိုပါတယ်။

နေးရှင်းစတိတ်ပေါ်လစီဆိုတာ တိုင်းပြည်တခုရဲ့ ယဉ်ကျေးမှု နယ်နိမိတ်နဲ့ နိုင်ငံရေး နယ်နိမိတ်တွေကို လိုက်ဖက်အောင် နိုင်ငံရေး အင်စတီကျူးရှင်း နည်းလမ်းနဲ့ ကြိုးစားတာကို ဆိုလိုတာပါ။

ဒါပေမယ့် နေရာဒေသတွေ တော်တော်များများမှာတော့ ယဉ်ကျေးမှု နယ်နိမိတ်တွေက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မရှိလှပါ။ ဒါကြောင့် နေရှင်းစတိတ်ကို ဖန်တီးရတာ လူအဖွဲ့အစည်းအတွင်း ရှိနေတဲ့ ကွဲပြားမှုတွေကို ဂရုမပြုပဲ ယဉ်ကျေးမှု လက္ခဏာ တရပ် လူမျိုးတမျိုးကို အခွင့်ထူးခံပေးလိုက်တာမျိုး ရှိတတ်ပါတယ်။

နေးရှင်းစတိတ်နိုင်ငံတွေကို သမိုင်းတလျှောက်ဖော်ဆောင်ရာမှာ အနုနည်းနဲ့ ရွေးချယ်ခဲ့တာတွေ ရှိသလို အကြမ်းနည်းသုံးခဲ့တာ အများအပြားပါ။

 

  • ၁) နိုင်ငံအတွင်း နေထိုင်ကြသူတွေ ရင်ထဲမှာ သစ္စာခံမှု တမျိုးမျိုးကို ထူးထူးခြားခြားပေါ်လာအောင် ဘုံတူညီတဲ့ သစ္စာခံမှုတွေ  အမှတ်သရုပ်လက္ခဏာ ပေါ်လာအောင် ဖန်တီးပေးတာ
  • ၂) အဲဒီလို ဖန်တီးပေးလိုက်တဲ့ သစ္စာခံမှု ဒါမှမဟုတ် နေးရှင်းစတိတ်ရဲ့ အမှတ်လက္ခဏာကို မထောက်ခံသူတွေအနေနဲ့ နောက်ပိုင်းမှာ နေးရှင်းစတိတ်ရဲ့ အမှတ်လက္ခဏာကို မိမိသဘောဆန္ဒအလျောက် ပူးပေါင်းလာအောင် တွန်းအားပေးခြင်း
  • ၃) နေးရှင်းစတိတ်ရဲ့ အမှတ်လက္ခဏာတွေကို လက်ခံလာအောင် ယဉ်ကျေးမှု မူကွဲတွေ တခြားလက္ခဏာတွေ မပေါ်ပေါက်လာအောင် အကြပ်အကိုင် ဖိအားပေးတာ
  • ၄) တချို့ ဖြစ်ရပ်တွေမှာ အတင်းအကြပ်ဖိအားပေးရာမှတဆင့် လူမျိုးသုဉ်း သန့်စင်တဲ့ အခြေအနေအထိ ရောက်ကုန်တာ
  • စတဲ့ ပုံစံမျိုးစုံကို တွေ့ရှိခဲ့ရပါတယ်။

နေးရှင်းစတိတ် တွေမှာ အတင်းအကျပ် သွတ်သွင်းမှုတွေ လုပ်ရင်း ပြည်တွင်းစစ်ထဲ ဆင်းသက်တာ ၊ ခွဲထွက်ခွင့် တောင်းဆိုတာတွေ ကြုံရတာ မတည်ငြိမ်မှုတွေဖြစ်လာတာတွေ တွေ့ရလေ့ရှိတယ်။

ဦးနေဝင်းလက်ထက်က တိုင်းရင်းသား ဘာသာစာပေတွေကို နှိပ်ကွပ်တာ ၊နိုင်ငံရေးအရ ဖိနှိပ်မှုတွေဟာ ဗမာ နေးရှင်းစတိတ် အယူအဆ အခြေခံ သွတ်သွင်းမှုတွေ ဖြစ်သလို ၊ မဟာပရပ်ရှားဝါဒ အခြေပြု ပေါ်ပေါက်လာတဲ့ နာဇီ အယူအဆဟာလည်း နေးရှင်းစတိတ် အယူအဆထဲ ပါဝင်နေပါတယ်။

ဒါကြောင့်နိုင်ငံတစ်ခုမှာ လူမျိုးစုံ - ဘာသာစုံပြီးအဲဒီလိုစုံလင်မှုက နိုင်ငံရေးအရလည်း အဓိပ္ပာယ်ထင်ရှားလေးနက်နေရင် ( State-Nation ) လူမျိုးစုံချစ်ကြည်ရင်းနှီးမှု ပါတဲ့ စရိုက်လက္ခဏာအခြေခံနိုင်ငံကို တည်ထောင်ဖို့ စဉ်းစားဖို့ ၊ ဖန်တီး ဖို့ ၊အသိအမှတ်ပြု ထောက်ခံဖို့ လိုအပ်တယ်လို့ အဲဖရက်စတီဖင်က ဆိုပါတယ်။

ဟွမ်လင့်နဲ့ အဲဖရက်စတီဖင်တို့ဟာ State Nation အယူအဆနဲ့ ပတ်သက်လို့စတိတ်နေးရှင်းဆိုတာဟာ တိုင်းရင်းသား မျိုးနွယ်စု လူမျိုးစုံယဉ်ကျေးမှုအစုံပါဝင်တဲ့ စုံလင်များပြားတဲ့ နိုင်ငံဖြစ်တယ်။သို့သောနိုင်ငံတော်အပေါ် သစ္စာရှိ ၊ အသိအမှတ်ပြုတယ်လို့ သက်ဆိုင်ရာပြည်သူများက ထောက်ခံတဲ့ စနစ်မျိုး ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

ပုံ - JICM အစည်းအဝေးတွင် တွေ့ရသော NCA ထိုးလက်နက်ကိုင် ၁၀ ဖွဲ့ ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်

မြန်မာက ကာလရှည်တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဟာ အောင်မြင်တဲ့ State Nation မတည် ဆောက်နိုင်မှု ၊ တပြည်ထောင် သွတ်သွင်းမှုနဲ့ သက်ဆိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။  လူ့ အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှု မတူကွဲပြား နေတာကို အများပြည်သူသိအောင် နိုင်ငံရေးနည်းလမ်းနဲ့ တရားဝင် ဖော်ပြမှုတွေကိုလည်း စတိတ်နေးရှင်းက ခွင့်ပြုတယ်။

အချင်းချင်း အပြိုင်အဆိုင်ဖြစ်နေတဲ့ ( ဒါမှမဟုတ် ) ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ အခွင့်အရေးပေး ပဋိပက္ခ ပြေငြိမ်းစေတာမျိုးကိုလည်း စတိတ်နေးရှင်း State- Nations က ခွင့်ပြုပါတယ်။

တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး အဝန်းအဝိုင်းထဲမှာ ပါဝင်တယ်ဆိုတဲ့ အသိတွေ  ( WE Feeling ) ငါတို့အားလုံးဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်ထွန်းလာအောင်လည်း ဖန်တီးပေးတယ်။

အဲဒီလို လုပ်ဆောင်ပေးတဲ့ တချိန်တည်းမှာပဲ လူ့အဖွဲ့အစည်းအချင်းချင်း ၊ လူ့ယဉ်ကျေးမှုအချင်းချင်း နိုင်ငံရေး သဘောဆောင်တဲ့ ကွဲပြားခြားနားတာတွေကို လေးစားလိုက်နာပြီး ငါတို့အားလုံးဆိုတဲ့ စိတ်ဓါတ်ကို အုပ်စုတွင်းအားလုံးမှာ ထည့်သွင်းပေးတဲ့ သဘောနဲ့ ဓလေ့ထုံးတမ်း ၊ ယဉ်ကျေးမှု ၊ သမိုင်းတွေ သတ်မှတ်ပေးတာတွေကိုလည်း တွေ့နိုင်တယ်။

နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် သင်္ကေတတွေမှာ နိုင်ငံသားတွေ နှစ်သက်စွဲလမ်းတဲ့စိတ်တွေ ပေါ်လာအောင် ဖန်တီးပေးတယ်။

ဒီမိုကရေစီနိုင်ငံတခုဟာ State- Nations စနစ်ကို ကျင့်သုံးမယ်ဆိုရင် ဖက်ဒရယ်ပုံစံမျိုး ပေါ်လာတာတွေ  မကြာခဏတွေ့ရတယ်လို့ ဟွမ်လင့်ဇ်က မှတ်ချက်ပြုတယ်။

( ဥပမာ - အိန္ဒိယ၊ ဘယ်လ်ဂျီယံ ၊ ကနေဒါ ၊)

အဲဒီနိုင်ငံတွေဟာ သူတို့နိုင်ငံတွေမှာ ဘာသာစကား တမျိုးတည်းကိုသာ သုံးစွဲရမယ်၊ ယဉ်ကျေးမှု တခုတည်းကိုသာ ကျင့်သုံးရမယ် လို့ အတင်းအကြပ်ကျင့်သုံးခဲ့ရင် အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းမှုနဲ့
အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ အခင်းအကျင်းနဲ့ တသီးပုဂ္ဂလအခွင့်အရေးတွေကို ရနိုင်မှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုရင် အဲဒီ နိုင်ငံတွေမှာ နယ်မြေဒေသကို အခြေခံတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်သဘောထားကွဲပြားမှုတွေ ၊ ပေါ်ပေါက်နေတာလည်း တခုထက်မက ရှိနေပြီး ဖြစ်တာကြောင့်လို့ ဟွမ်လင့်ဇ် နဲ့ စတီပန်တို့က ဆိုတယ်။

( ဂ) မူလ အန်စီအေ စတိတ်နေးရှင်း သဘောတရားမှသည် နေးရှင်းစတိတ် သဘောတရားသို့

အန်စီအေ စာချုပ် ကို ပြန်ကြည့်ရင် စာချုပ်အရ အကောင်ထည်ဖော် စီမံ အုပ်ချုပ်မှု ပုံစံ အရကော ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ကိုင်စွဲခွင့်အရပါ စတိတ်နေးရှင်း သဘောကောက်ယူမှုကို အခြေခံခဲ့တယ်လို့ ဆိုနိုင်တယ်။
ဥပမာ စာချုပ်အရ အကောင်ထည်ဖော်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ၊ အပစ်ရပ်ခိုင်မာရေး ကဏ္ဍအတွက် ဆွေးနွေးမှု ကော်မတီ ကဲ့သို့ ကိစ္စများ ၊ အပစ်ရပ်နယ်မြေအတွင်း ကြားကာလ စီမံ ဆောင်ရွက်ခွင့် ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ခွင့်ပြုချက်မျိုး ၊ ဘာသာစကား စာပေ ယဉ်ကျေးမှု ထိန်းသိမ်းခွင့် ၊ သုံးစွဲခွင့် တို့ပါ အကျုံးဝင်မှာဖြစ်တယ်။

သို့သော်လည်း အထက်မှာ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ် အကြံပေးဟောင်း တဦးပြောခဲ့သလိုပါပဲ။ စာချုပ်က လက်ရှိ အချိန်မှာ အကောင်ထည်ဖော်မှုပုံစံအရ သက်ဝင်နေမှုအသွင်သဏ္ဍာန်အရပါ Nation-States ပုံစံ ပေါ်လွင်နေခဲ့ပါပြီ။

စာချုပ်အကောင်ထည်ဖော်ရေး ပူးတွဲ စီမံ အုပ်ချုပ်မှုမှာဖြစ်ဖြစ် ၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမှုကိုပဲကြည့်ကြည့် အပစ်ရပ် တိုင်းရင်းသားများဘက်မှကော ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဘက်ကပါ ပူးတွဲပိုင်ဆိုင်စီမံခွင့်ဆိုတဲ့ အနေအထားကို ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။

ဥပမာ JMC ကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည်ကော်မတီတွင် ပူးတွဲ ပိုင်ဆိုင်သည်ဆိုငြားလည်း တပ်မတော်မှ အဆင့်အလိုက် ဂျေအမ်စီ ကော်မတီအားလုံးတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်း၊ အသာစီးရယူဖိအားပေးမှု ဆိုတဲ့ အကဲဖြတ်ချက်များ ရှိနေမှုများ ။

ပြည်နယ်များရှိ ဂျေအမ်စီရုံးခွဲများတွင်ပင် ရုံးဆိုင်းဘုတ်တွင် တိုင်းရင်းသားဒေသခံများ  အလွယ်တကူ ဝင်ထွက်နိုင်စေရန်နှင့် တိုင်းရင်းသားများနှင့် ပူးတွဲပိုင်ဆိုင်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်ကြောင်း ပြသသော တိုင်းရင်းသား အမှတ်သရုပ်လက္ခဏာ ဆိုင်ရာ အလံ တံဆိပ် ဖြစ်စေ၊ တိုင်းရင်းသား ဘာသာစကားဖြင့် ရုံးဆိုင်းဘုတ်ဖြစ်စေ မရှိကြပါ။

ယင်းကိစ္စမျိုး စာရေးသူကိုယ်တိုင် အလုပ်ရုံ ဆွေးနွေးပွဲ တရပ်တွင် ထောက်ပြဆွေးနွေးခဲ့စဉ်က အလံ ဥပဒေ ၊ ရုံးသုံးဘာသာစကား ဥပဒေ တို့ဖြင့်ပင် ပြန်လည် တုံ့ပြန်မှု ကြုံခဲ့ရပါသည်။

နိုင်ငံရေး ဆွေးနွေးမှုနှင့် ပတ်သက်သည့် UPDJC ကော်မတီတွင်လည်း ပူးတွဲ ပိုင်ဆိုင်ခွင့်ပေးထား သည်ဆိုသော်လည်းငြားလည်း တိုင်းရင်းသားများ သဘောထား မပါသေးဘဲ အစိုးရမှ ဘယ်တော့ ၂၁ ပင်လုံ လုပ်မည် စသဖြင့် စတင် စီမံမှု ပိုင်းဖြတ ်စီစဉ်မှု များစွာ ရှိခဲ့သည်သာ။

ပြန်ကြည့်လျှင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိက အစိတ်အပိုင်းနှစ်ရပ်ဖြစ်သည့် အပစ်ရပ်စဲရေးတွင်ရော ၊ နိုင်ငံရေးဆွေးနွေးမှုတွင်ပါ ဗမာအများစုကို ကိုယ်စားပြုနိုင်သော အစိုးရ ၊ တပ် တို့၏ သဘောထား မှာ အရေးပါနေသလို ၊ ၎င်းတို့ ဒရွတ်တိုက်ခေါ်ရာ ကျန်သူများက လိုက်နေရတဲ့ အသွင်သာ ဆောင်ခဲ့မှု များခဲ့တာပါ။

ထိုနည်းတူစွာ ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအကြိမ်တိုင်းတွင် မြန်မာစကား ကောင်းစွာမတတ်သည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များမှာ မြန်မာဘာသာစကား အထစ်ထစ် အငေါ့ငေါ့ဖြင့် မိန့်ခွန်းစာရွက်အား ဖတ်ကြားရပေါင်းလည်း များလှပြီ။

ပုံ - ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၇ ရက်က ကျင်းပသော UPDJC အစည်းအဝေးတွင် တွေ့ရသည့် လက်နက်ကိုင် ကိုယ်စားလှယ်များ (NCA-S EAO)

နိုင်ငံရေးအရလည်း အခြေခံ ဥပဒေပြင် တိုင်းရင်းသားများ အခွင့်အရေးရ ဆိုသည့် အခြေအနေမျိုး ရောက်ရှိမလာခဲ့ပါ။

အဆိုးဆုံးအချက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် လူထုပါဝင်ခွင့်အရ အရေးပါတဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အပစ်ရပ်ဒေသများတွင် ဟုတ်ဟုတ်ညားညား မလုပ်နိုင်ပဲ အစိုးရ  စစ်တပ် နဲ့ တိုင်းရင်းသားလက်နက်ကိုင် အိလိ သဘောတူညီချက်များ နဲ့သာ Top Down Process ဖြင့် သွားနေခဲ့ခြင်း ဖြစ်ပါတယ်။
အပစ်ရပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး စီမံခန့်ခွဲမှုများလည်း ဟုတ်တိပတ်တိ မရကြပါ။

၂၀၁၁ ခုနစ်မှ စတင်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ် ၉ နှစ် ပြည့်လာချိန်တွင် လက်တွေ့မြေပြင်တွင် ကြည့်ပါက အပစ်ရပ် တပ်ဖွဲ့ နယ်မြေများတွင်ပင် လူထုဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် တည်ရှိလည်ပတ်နေတဲ့ အင်စတီကျူးရှင်းများ ၊ တည်ဆောက်လည်ပတ်မှု ယန္တရားပုံစံမှာ အလုပ်ဖြစ်မဖြစ် ဆိုတဲ့ ပဋိပက္ခဒဏ်ခံ အပစ်ရပ်ဒေသများမှ လူထုထံက မေးခွန်းများ ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly