Alibaba ကဲ့သို့ အခြားသော တရုတ်ကုမ္ပဏီများကိုလည်း ဒေါ်နယ်ထရမ့် အရေးယူနိုင်

Alibaba ကဲ့သို့ အခြားသော တရုတ်ကုမ္ပဏီများကိုလည်း ဒေါ်နယ်ထရမ့် အရေးယူနိုင်

သြဂုတ် ၁၈

Alibaba အပါအဝင် အခြားသော တရုတ်ကုမ္ပဏီများအပေါ်လည်း အရေးယူသည့်လုပ်ဆောင်ချက်များ လုပ်သွားရန် စဉ်းစားလျက် ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အချက်ပြ ထုတ်ဖော်သွားခဲ့သည်။

ထရမ့်သည် ယင်းသို့ မထုတ်ဖော်မီ တစ်ရက်အလိုကလည်း တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် ByteDance ကို အမေရိကန်ရှိ ယင်း၏ TikTok လုပ်ငန်း ရင်းနှီးမြုှပ်နှံထားမှုကို ရက် ၉၀ အတွင်း ရှင်းလင်းဖယ်ရှားရန် ထရမ့်က ညွန်ကြားထားခဲ့သေးသည်။

နာမည်ကျော် တရုတ် e-commerce လုပ်ငန်း Alibaba ကဲ့သို့ အခြားသော တရုတ်ကုမ္ပဏီများကိုလည်း အပြစ်ပေးအရေးယူမှု လုပ်ရန် စဉ်းစားနေသလား ဆိုပြီး ပြီးခဲ့သည့် စနေနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးမြန်းခံရစဉ် မစ္စတာ ထရမ့်က “ အခြားအရာတွေကိုလည်း ကျွန်တော်တို့ ကြည့်ရှုနေပါတယ်၊ ဟုတ်ပါတယ် ကျွန်တော်တို့ ကြည့်ရှုနေပါတယ်” ဟု ဖြေသွားခဲ့သည်။

အဆိုပါ မှတ်ချက်စကားနှင့်ပတ်သက်၍ အိမ်ဖြူတော်က တစ်စုံတစ်ရာ ဖြေရှင်းချက် မထုတ်ပြန်သွားခဲ့ပေ။

သို့သော် မစ္စတာ ထရမ့်သည် တရုတ်ကို ချိန်ရွယ်မှုများ တိုးမြင့်လုပ်ဆောင်နေစဉ် အဆိုပါ မှတ်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

ထရမ့်သည် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအတွက် တရုတ်ကို အပြစ်ဖို့မှုများ လုပ်ဆောင်ထားခဲ့သည်။

မစ္စတာ ထရမ့်သည် ပြီးခဲ့သည့် သောကြာနေ့က တရုတ်နည်းပညာလုပ်ငန်းကို ပစ်မှတ်ထားသည့် လုပ်ဆောင်ချက်နှစ်ခုကို လုပ်ခဲ့သည်။ ByteDance အမိန့်ညွန်ကြားချက်အပြင် အမေရိကန်ကုမ္ပဏီတချို့ကို တရုတ်တယ်လီကွန်းတပ်ဆင်ပစ္စည်းထုတ်ကုမ္ပဏီ Huawei ထံ ကုန်ပစ္စည်းများ ဆက်လက်ရောင်းချခွင့်ပြုထားသည့် သက်ညှာလျှော့ပေါ့ခွင့်တစ်ခုကိုလည်း သမ္မတထရမ့်က အဆုံးသတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly