တပ်ချုပ်ကို ကာကွယ်စောင့်ရှောက်သူ(Guardian) အဖြစ်သတ်မှတ်ပြီး နိုင်ငံရေးပါတီ ၃၄ ပါတီက တွေ့ဆုံခြင်း ဖြစ်ဟု USDP ပြော

တပ်ချုပ်ကို ကာကွယ်စောင့်ရှောက်သူ(Guardian) အဖြစ်သတ်မှတ်ပြီး နိုင်ငံရေးပါတီ ၃၄ ပါတီက တွေ့ဆုံခြင်း ဖြစ်ဟု USDP ပြော

သြဂုတ်လ ၁၈ရက်

နိုင်ငံရေးပါတီ ၃၄ပါတီက တပ်မတော်ကို ကာကွယ်စောင့်ရှောက်သူ(Guardian) အဖြစ်သတ်မှတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သွားရောက်တွေ့ဆုံတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာပြုလုပ်တဲ့ ၂၀၂၀အထွေထွေရွေးကောက် ပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေရဲ့မေးမြန်းမှုအပေါ်မှာ ခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့က နေပြည်တော်ရှိဘုရင့်နောင်ဧည့်ရိပ်သာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၄ခုက ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံခဲ့ပြီး  လာမယ့်ရွေးကောက်ပွဲမှာ  တရားမျှတပြီးလွတ်လပ်သောရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တပ်မတော်ကဆောင်ရွက်ပေးစေလိုတဲ့ အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ တပ်မတော် သတင်းမှန်  ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ကျွန်မတို့က တပ်မတော်ကိုအစဉ်တစိုက် လေးစားတယ် ။ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်မတို့က အမြဲတမ်းထောက်ခံနေတယ်ပေါ့နော်။  တပ်မတော်ရဲ့ရည်မှန်းချက်က ကျွန်မတို့ ပါတီရဲ့မူဝါဒတွေနဲ့ တစ်ထပ် တည်းကျတဲ့ အဖွဲ့အစည်းဖြစ်တယ်ပေါ့။ တပ်မတော်သည်လည်း နိုင်ငံရေးပါတီအဖွဲ့အစည်း မဟုတ်သလို တပ်မတော်သည်နိုင်ငံမှာ နိုင်ငံရေးပါတီ အသီးသီးသာ ပြောင်းလဲရင်ပြောင်းလဲသွားမယ်။ ချုပ်ငြိမ်းရင် ချုပ်ငြိမ်း သွားမယ် တပ်မတော်သည်ဘယ်သောအခါမှ ပြောင်းလဲမယ့်ချုပ်ငြိမ်းမယ့်အဖွဲ့အစည်းမဟုတ်ဘူး။ ဒါကြောင့်မို့ ဘယ်အစိုးရပဲတက်တက် တပ်မတော်သာ အစဉ်ထာဝရ ရှိနေမယ့်တပ်မတော်ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့ ကျွန်မတို့က Guardian အဖြစ် ပေါ့နော် အားကိုးတကြီးနဲ့ တပ်မတော်ကိုယုံကြည်သက်ဝင် တဲ့လေးစားတဲ့နိုင်ငံရေးပါတီတွေက တပ်မတော်ကို Guardian အဖြစ်သတ်မှတ်တယ်လို့ ကျွန်မကတော့ရည်ရွယ်ပြောဆိုတာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောပါတယ်။

တပ်မတော်ဟာ သီးခြားလွတ်လပ်ပြီး ဘယ်ဘက်ကိုမှ ဘက်မလိုက်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် အရေးအကြောင်းရှိလာရင် တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ယူခဲ့ရတယ်လို့ ဒေါ်ယဉ်မင်းမြင့်ဆွေ ကပြောပါတယ်။

ဒီလိုယူခဲ့ရတဲ့အကြောင်းကိုတော့  ၈၈ အရေးအခင်းတုန်းက နိုင်ငံတော်ယိုယွင်းပျက်စီးလာတဲ့ ဘက်ပေါင်းစုံ အခြေအနေမှာ တပ်မတော်ရဲ့အကူအညီကိုယူခဲ့ရတယ်လို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ဥပမာပေးပြောဆိုခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ကာကွယ်ရေးဦးစီးချုပ်နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုရှိပြီး မိတ်ဖက်ပါတီ တွေက တပ်ချုပ်ကြီးနဲ့တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့တဲ့အတွက် ပါတီဥက္ကဋ္ဌက ပြောပေးခဲ့ပြီး အဲ့ဒီတွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီက အကြောင်းအရာတစ်ခုမှ ဝင်ရောက်ဆွေးနွေးခဲ့တာမရှိဘူးလို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

““ အခြားနိုင်ငံရေးပါတီများပြောသင့်ပြောထိုက်တာ ပြောသင့်တာတွေ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကြီးကပြောချင်တာတွေပြောပါစေ။ သူတို့ပြောကြတယ်။ဆွေးနွေးကြတယ်။ ကျွန်တော်တို့ဒီအများဆန္ဒကို လိုအပ်ချက် အရကူညီဆောင်ရွက်ပေးတာဖြစ်တယ်။ ကျွန်တော်တို့က ဦးစီးဦးဆောင်နဲ့ စီမံဆောင်ရွက်နေတာ မဟုတ်ပါ။ ဒါလေးကိုကျွန်တော်ပြောချင်တယ်။ နောက်တစ်ချက်က ဒီလိုဖြစ်စဉ်ပေါ်ပေါက်လာတာသည်။ ဒီနေ့ခုနကပြောတဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကော်မရှင်ရဲ့ဆောင်ရွက်ချက်က တရားမျှတမှုရှိမရှိ တရားမမျှတ နိုင်ဘူးလို့ယူဆယုံကြည်ထားတဲ့အတွက် နိုင်ငံရေးပါတီများရဲ့စိုးရိမ်စိတ်ကို ဒါတိုင်ပင်ဆွေးနွေးကြတာဖြစ်တယ် ဆိုတာကို ခင်ဗျားတို့လေးလေးနက်နက်သိအောင်လို့အပြင်မှာ ယူဆနေတဲ့စွပ်စွဲချက်တွေမှားယွင်းနေတယ် ဆိုတာကို သိစေချင်လို့အမှန်တရားကိုထုတ်ဖော်ရှင်းလင်းပြောကြားတာပါ။” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ “ဝ” အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ၊  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ၈၈မျိုးဆက် ဒီမိုကရက်တစ်ပါတီအပါအဝင် ၃၄ပါတီရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly