ဆော်ဒီအာရေဗျ အထင်ကရ ဗလီများ၏ အကြီးတန်းရာထူးများတွင် အမျိုးသမီး ၁၀ ဦးကို ခန့်အပ်

ဆော်ဒီအာရေဗျ အထင်ကရ ဗလီများ၏ အကြီးတန်းရာထူးများတွင် အမျိုးသမီး ၁၀ ဦးကို ခန့်အပ်

သြဂုတ် ၁၈

ဆော်ဒီအာရေဗျနိုင်ငံက မြင့်မြတ်သော အစ္စလာမ် ဗလီနှစ်ခု၏ အကြီးတန်းရာထူးများတွင် အမျိုးသမီး ဆယ်ဦးကို ခန့်အပ်ထားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ရှေးရိုးစွဲ ရေနံနိုင်ငံ ဆော်ဒီအာရေဗျအနေဖြင့် အမျိုးသမီး အလုပ်အကိုင်များ ပွင့်လန်းရေးအတွက် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

ဘာသာရေးအဖွဲ့အစည်းများက အကြီးတန်းရာထူးနေရာများတွင် အမျိုးသမီးများအား ခန့်အပ်ခြင်းသည် အစ္စလာမ္မစ် ဘုရင့်နိုင်ငံအတွင်း ရှားတောင့်ရှားခဲဖြစ်သည်။  

ဆော်ဒီနိုင်ငံသည် အိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆာလမန်၏ ဦးဆောင်မှုဖြင့် လစ်ဘရယ် ပို၍ ဆန်လာနေသော နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲနေသည်။

မက္ကာနှင့် မီဒီနာက မြင့်မြတ်သော ဗလီနှစ်ခု၌ အမျိုးသမီးများကို ခန့်အပ်ခြင်းဖြစ်ပြီး စီမံရေးရာနှင့် နည်းပညာအပါအဝင် အမျိုးမျိုးသော ဌာနများတွင် ဖြစ်ကြောင်း အဆိုပါ ဗလီများ ရေးရာ အထွေထွေ တာဝန်ခံချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည် မြင့်မားသော အမျိုးသမီးများကို တာဝန်ပေးအပ်ရေးအတွက် ရည်ရွယ်သည့်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဗလီနှစ်ခုတွင် ၂၀၁၈ ခုနှစ်ကလည်း ဦးဆောင်မှု ကဏ္ဍ၌ အမျိုးသမီး ၄၁ ဦးကို ယခင်ကလည်း တာဝန်ပေးခဲ့ကြောင်း ဆော်ဒီမီဒီယာက ဖော်ပြသည်။

အိမ်ရှေ့မင်းသား မိုဟာမတ်သည် ၎င်း၏ Vision 2030 စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမျိုးသမီးများအား အလုပ်ခန့်အပ်တာဝန်ပေးမှု မြင့်မားရေးအတွက် ကြိုးစားလျက် ရှိနေသည်။

ယင်း စီမံကိန်းမှာ ဆော်ဒီဘုရင့်နိုင်ငံ၏ စီးပွားရေးကို အသွင်သစ်ပြောင်းရန်နှင့် ရေနံကို မှီခိုနေရမှု အဆုံးသတ်ရန် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly